အီရတ်နိုင်ငံထဲက အီရန်လိုလားသည့် လက်နက်ကိုင်အဖွဲ့များသည် လာမည့်စက်တင်ဘာလ ၃၀ ရက်နေ့ကို နောက်ဆုံးထား၍ လက်နက်စွန့်ရမည်ဟု အီရတ်အစိုးရကထုတ်ပြန်လိုက်ရာ သတ်မှတ်ရက်စွဲသည် အမေရိကန်ဦးဆောင်သော အကြမ်းဖက်ဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးတာဝန် ပြီးဆုံးမည့်ရက်နှင့်လည်း တိုက်ဆိုင်နေသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုကဲ့သို့ထုတ်ပြန်ကြေညာခြင်းသည် အီရတ်ဝန်ကြီးချုပ်သစ် အလီအယ်လ်ဇိုင်ဒီ အမေရိကန်သို့ သွားမည့် ခရီးစဉ်မတိုင်မီ ပေါ်ထွက်လာခြင်းဖြစ်ပြီး၊ ဝါရှင်တန်အစိုးရက ယင်းလက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်လွှတ်ရေးအတွက် ဘဂ္ဂဒက်အစိုးရကိုဖိအားပေးမှုများ ရှိနေသည့်အချိန်လည်းဖြစ်သည်။
အီရတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဟိုင်ဒါအယ်လ်အာဘူဒီကအပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် "လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို လက်နက်ဖြုတ်သိမ်းကြဖို့အတိအကျသတ်မှတ်ထားတဲ့ ရက်စွဲကို အကြောင်းကြားထားပြီးဖြစ်ပါတယ်။ အဲဒီရက်ကတော့ နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့တွေ ရုပ်သိမ်းမယ့် စက်တင်ဘာလ ၃၀ ရက်နေ့ ဖြစ်ပါတယ်" ဟု ရှင်းလင်းပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ဒီရက်စွဲကျော်လွန်သွားရင်တော့ နိုင်ငံတော်ရဲ့ တရားဝင်မူဘောင်ပြင်ပမှာရှိနေတဲ့ ဘယ်လိုလက်နက်ကိုင်ဆောင်မှုကိုမဆို ဥပဒေကြောင်းအရ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အလေးအနက် သတိပေးပြောကြားခဲ့သည်။
လက်ရှိတွင် အီရတ်နိုင်ငံ၌ အီရန်အစိုးရ၏ ကျောထောက်နောက်ခံကို ရရှိထားသော သြဇာညောင်းသည့် လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းများစွာ အခြေစိုက်လှုပ်ရှားလျက်ရှိပြီး၊ ၎င်းတို့အနက် အများစုမှာ ယခင် ပြည်သူ့စစ်တပ်ဖွဲ့ဟောင်းတစ်ခုဖြစ်သည့် 'ဟာရှက်ဒ် အယ်လ်ရှာဘီ' (Hashed al-Shaabi) ခေါ် ပြည်သူ့စစ်စည်းရုံးရေးတပ်ဖွဲ့ (PMF) တွင် ပါဝင်ဖွဲ့စည်းထားကြသူများ ဖြစ်ကြသည်။
Ref:AFP
Photo-AFP















