ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သ​ဘောခရီးလာ​ရောက်မည်

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သ​ဘောခရီးလာ​ရောက်မည်
Published 29 June 2026

ဘီလာရုစ်သမ္မတနိုင်ငံ သမ္မတမစ္စတာအလက်ဇန္ဒား လူကာရှန်ကိုသည် နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ အလုပ်သ​ဘောခရီးလာ​ရောက်မည်ဖြစ်​ကြောင်း သိရသည်။

ယခုတစ်ကြိမ် မြန်မာနိုင်ငံသို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို လာ​​ရောက်မည့်ခရီးစဉ်သည် ဒုတိယအကြိမ်လာ​ရောက်ခြင်းဖြစ်သည်။

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ထိုစဉ်က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါမြန်မာနိုင်ငံခရီးစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာများ၊ အကောက်ခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ပို့ကုန်ချေးငွေမူဘောင်သဘောတူညီချက်နှင့် နိုင်ငံတော်အဆင့် စံချိန်စံညွှန်းသတ်မှတ်ခြင်း၊ အရည်အသွေးကိုက်ညီမှုစစ်ဆေးခြင်း၊ တိကျစွာတိုင်းတာခြင်းနှင့် အသိအမှတ်ပြုခြင်းနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ၊ တရားမဝင်နှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးသဘောတူစာချုပ်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့သည်။

ယင်းခရီးစဉ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံ ဘယ်လာရုစ်သမ္မတ သံတမန်ချစ်ကြည်ရင်းနှီးမှုအဓွန့်ရှည်တည်တံ့စေရန် ရည်ရွယ်ပြီး ​ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇမ္ဗူကျက်သရေလမ်းမကြီးကို ဆက်သွယ်ထားသောလမ်း၏အမည်ကို ဘယ်လာရုစ်နိုင်ငံ၏ မြို့တော် မင့်စ်မြို့၏အမည်ဖြင့် မင့်စ်လမ်းအဖြစ် ဂုဏ်ပြုပေးအပ်ခဲ့သည်။

ထို့အတူ ဘီလာရုစ်နှင့် မြန်မာကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၆ ခုနှစ် မေ ၂၅ ရက်တွင် ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုသည်  အတည်ပြုလက်မှတ်ရေးထိုးခွင့်ပြုခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသားများနှင့် ဘီလာရုစ်နိုင်ငံသားများသည် တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်ခြင်း၊ ထွက်ခွာခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် ယာယီနေထိုင်ခြင်းတို့အတွက် ဗီဇာကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့်အရ နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်နေ့မှစပြီး ရက်ပေါင်း ၃၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်း ရက်ပေါင်း ၉၀ အထိ နေထိုင်ခွင့်ရရှိမည်ဖြစ်သည်။

Most Read

Most Recent