တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ နာမည်ကြီးကုမ္ပဏီကြီးများအပါအဝင် ဂျပန်အဖွဲ့အစည်း ၂၀ ကို ပို့ကုန်ဆိုင်ရာ အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
အဆိုပါ အဖွဲ့အစည်းများသည် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် ပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်ပြီး တရုတ်၏ ပို့ကုန်ဆိုင်ရာအမည်ပျက်စာရင်းတွင် ဇွန် ၂၉ ရက်က ထည့်သွင်းခံခဲ့ရခြင်းဖြစ်သည်။
အမည်ပျက်စာရင်းတွင် အသစ်ထည့်သွင်းလိုက်သော အဖွဲ့အစည်းများသည် ဂျပန်နိုင်ငံ၏ စစ်ရေးစွမ်းရည် မြှင့်တင်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ ပို့ကုန်ကန့်သတ်မှုများကို အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် လက်နက်များမပြန့်ပွားရေး အပါအဝင် နိုင်ငံတကာ တာဝန်ဝတ္တရားများကို ကျေပွန်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမည်ပျက်စာရင်းသွင်းခံရသည့် ဂျပန်အဖွဲ့အစည်းများထဲတွင် National Institute for Defense Studies နှင့် Mitsubishi Electric Defense and Space Technologies Corporation တို့ ပါဝင်ခဲ့သည်။
တရုတ်အနေဖြင့် တရုတ် (တိုင်ပေ) ကို တိုက်ခိုက်လာမည်ဆိုပါက ဂျပန်က စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက ပြောကြားခဲ့ပြီးနောက် ဂျပန်နှင့် တရုတ်ကြား ဆက်ဆံရေးတင်းမာခဲ့သည်။
ထို့နောက် ဂျပန်၏ စစ်အင်အားတည်ဆောက်မှုတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဖေဖော်ဝါရီလတွင် တရုတ်က ဂျပန်ကုမ္ပဏီ အများအပြားကို ပို့ကုန်ကန့်သတ်ချက်များ ချမှတ်ခဲ့ပြီး ဂျပန်အပေါ် ဖိအားများ တိုးမြှင့်ခဲ့သည်။
Ref:AFP















