အမေရိကန်-အီရန် သဘောတူညီချက်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ

အမေရိကန်-အီရန် သဘောတူညီချက်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများ
Published 17 June 2026

အမေရိကန်နှင့် အီရန်ကြား ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန်အတွက် နှစ်နိုင်ငံလုံးမှ အဆင့်မြင့်အရာရှိကြီးများသည် ဆွစ်ဇာလန်နိုင်ငံတွင် ဇွန် ၁၉ ရက်၌ တွေ့ဆုံကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက် စတင်ဖြစ်ပွားလာခဲ့သည့် ပဋိပက္ခသည်ဒေသတစ်ခုလုံးကို ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို မထုတ်ပြန်နိုင်မီအချိန်အထိ ကမ္ဘာ့စီးပွားရေးကိုပါ လှုပ်ခတ်စေခဲ့သည်။

ယခုစာချုပ် လက်မှတ်ရေးထိုးပွဲ မတိုင်မီ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

¤ ထရန့်က အီရန်ကို ခြိမ်းခြောက်

အီရန်အစိုးရအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာခြင်းမရှိပါက စစ်ရေးအရ အရေးယူမှုများကို ပြန်လည်စတင်ရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန် ၁၇ ရက်တွင် သတိပေးလိုက်သည်။

"သူတို့သာ လိမ္မာပါးနပ်စွာ မနေထိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ သူတို့ခေါင်းပေါ်ကို ဗုံးတွေ တည့်တည့်မတ်မတ် ပြန်ချပစ်ဖို့ အသင့်ပါပဲ" ဟု ထရန့်က ပြောကြားခဲ့သည်။

¤ လက်ဘနွန်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား

လက်ရှိသဘောတူညီထားသည့် ငြိမ်းချမ်းရေးစာချုပ်တွင် လက်ဘနွန်နိုင်ငံပါဝင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဇွန် ၁၇ ရက်တွင် အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်တောင်ပိုင်းရှိ ဒေသအချို့ကို လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

သဘောတူညီချက်စာသားကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယခုစာချုပ်တွင် လက်ဘနွန်နိုင်ငံအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရမည့် အချက်ပါဝင်ကြောင်း အမေရိကန်နှင့် အီရန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးခေါင်းဆောင်များကမူ ၎င်းတို့နိုင်ငံအနေဖြင့် ယခုသဘောတူညီချက်တွင် ပါဝင်ခြင်း ရှိ၊ မရှိကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း အစ္စရေးတပ်ဖွဲ့များသည် လက်ဘနွန်နိုင်ငံအတွင်း ဆက်ရှိနေမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

¤ အမေရိကန်ရေတပ်၏ ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်း

အမေရိကန်ရေတပ်က ပိတ်ဆို့ထားသည့် ပင်လယ်ကွေ့ဒေသအတွင်းမှ အီရန်ရေနံတင်သင်္ဘောများ ပြန်လည်ထွက်ခွာလာပြီဖြစ်ကြောင်း TankerTrackers ဝက်ဘ်ဆိုက်က ဇွန် ၁၇ ရက်တွင် ဖော်ပြခဲ့ပြီး ယင်းသည် နှစ်လအတွင်း အီရန်နိုင်ငံ၏ ပထမဆုံးအကြိမ် ရေနံစိမ်း ပြန်လည်တင်ပို့မှုဖြစ်သည်ဟု ဆိုသည်။

အီရန်ဆိပ်ကမ်းများကို အမေရိကန်ရေတပ်က နှစ်လကြာ ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ သင်္ဘောများ ပြန်လည်ထွက်ခွာလာခြင်း ဖြစ်သည်။

¤ ရေနံစျေးနှုန်းများ ကျဆင်း

ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမည်ဟူသော ကတိကဝတ်ကြောင့် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်ဖြစ်သည့် Brent North Sea ရေနံစိမ်းစျေးနှုန်းသည် ဇွန် ၁၆ ရက်တွင် သုံးလတာကာလအတွင်း အနိမ့်ဆုံးအဆင့်အဖြစ် ရေနံတစ်စည်လျှင် ၇၉ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့ပြီး အမေရိကန်၏ WTI ရေနံစျေးနှုန်းမှာလည်း တစ်စည်လျှင် ၇၆ ဒေါ်လာအောက်သို့ ကျဆင်းသွားခဲ့သည်။

¤ တရုတ်နိုင်ငံ၏ သတိပေးချက်

အမေရိကန်နှင့် အီရန်ကြား ဆက်လက်ပြုလုပ်မည့် ညှိနှိုင်းဆွေးနွေးမှု အဆင့်များသည် ပိုမိုခက်ခဲလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

အပြီးသတ် သဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ယခုထက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

¤ စာချုပ်လက်မှတ်ရေးထိုးမည့်နေရာ ရွေးချယ်ပြီးစီး

အမေရိကန်နှင့် အီရန်တို့၏ သဘောတူညီချက်ကို ဆွစ်ဇာလန်နိုင်ငံ လူဆန်းမြို့အနီးရှိ တောင်တန်းပေါ်မှ ဘာဂန်စတော့ခ် အပန်းဖြေစခန်းတွင် ဇွန် ၁၉ ရက်၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ အီရန်နိုင်ငံ၏ ထိပ်တန်းညှိနှိုင်းဆွေးနွေးရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ် တက်ရောက်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံကိုယ်စားပြုအဖြစ် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တက်ရောက်မည်ဖြစ်သည်။ ထို့ပြင် သမ္မတထရန့်ကိုယ်တိုင်လည်း တက်ရောက်နိုင်ခြေရှိကြောင်း ဗန့်စ်က ဆိုသည်။

¤ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရန် အရေးကြီးကြောင်း IEA ပြောကြား

ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်နေမှုကို အဆုံးသတ်ရန်အတွက် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးရန် အလွန်အရေးကြီးကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

"ဒီပြဿနာအတွက် အရေးအကြီးဆုံးနဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ သင်္ဘောတွေ သွားလာနိုင်ဖို့ ဟော်မုဇ်ရေလက်ကြားကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်ဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်" ဟု IEA အကြီးအကဲ ဖာတစ် ဘီရောလ်က ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent