မွန်ပြည်နယ်လွှတ်တော်၌ “အတွဲလိုက် Sound Box များဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို” အားအတည်ပြုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၉) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပထမနေ့) ၌ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ ကတင်သွင်းခဲ့သော “အတွဲလိုက် Sound Box များဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို”အား၊ ယမန်နေ့ ဇွန် (၁၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ဒုတိယနေ့) တွင် ဘီးလင်းမြို့နယ ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်း၊ ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်၊ ကျိုက်ထိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး နှင့် ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း တို့က ထောက်ခံဆွေးနွေးခဲ့ကြသည်။
(၂၀၁၂) ခုနှစ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ အခန်း - ၉ ၊ ပုဒ်မ - ၁၈ ပါ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများအတွင်း အသံချဲ့စက်ဖွင့်လှစ်လိုပါက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ခွင့်ပြုမိန့်ရယူပြီး သတ်မှတ်ထားသောစည်းကမ်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ရမည်ဟု ပြဌာန်းထားရှိပြီးဖြစ်ပါကြောင်း၊ အသံချဲ့စက်ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားလာပါက ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နည်းဥပဒေ - ၁၄၊ နည်းဥပဒေခွဲ - ဂ အရ အချိန်ကန့်သတ်ချက်၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီခွင့်ပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းက အစိုးရအဖွဲ့၏ သဘောထားအား တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
၎င်းကဆက်လက်ပြီး “အသံချဲ့စက်အသုံးပြုမည့်သူများမှ ဥပဒေနှင့်အညီလျှောက်ထားလာခြင်းမရှိခြင်း၊ အချိန်ကန့်သတ်ချက်မရှိဘဲဖွင့်လှစ်ခြင်း၊ Sound Box ဖွင့်လှစ်ရာတွင် သတ်မှတ်ထားသည်ထက်ပိုမိုကျယ်လောင်စွာဖွင့်လှစ်ခြင်း၊ ပတ်ဝန်းကျင်မှ ထိခိုက်နိုင်သော နားမခံနိုင်သည့် တီးလုံးများ စသည်ဖြင့် ညွန်ကြားချက်စည်းမျဉ်းစည်းကမ်းများအား လိုက်နာခြင်းမရှိပါက ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေအခန်း ၉ ၊ ပုဒ်မ - ၂၅၊ ၂၆၊ ၂၇ တို့အရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အတွဲလိုက် Sound Box ထိန်းချုပ်ရန်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့မှ ဒေသန္တရအမိန့်ထုတ်ပြန်ပါ က လူငယ်များအတွက် စိတ်ပျော်ရွှင်ကြစေရန်၊ ပြည်သူလူထုမထိခိုက်နိုင်သည့်နေရာများ သတ်မှတ်ပေးပြီး ဥပဒေအမိန့်ညွန်ကြားချက်များနှင့်အညီ လုပ်ဆောင်ပေးသင့်ပါကြောင်း၊ ပြည်သူလူထုကို စိတ်အနှောင့်အယှက်မဖြစ်စေသည့်နေရာများသတ်မှတ်ပေးရန် ထည့်သွင်းစဉ်းစားပေးစေချင်ပါကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးမှလည်း အကြံပြုဆွေးနွေးခဲ့သည်။
၎င်းကဆက်လက်ပြီး “ဥပမာ သင်္ကြန်အချိန်ကာလတွေမှာ ပြည်သူလူထုလည်း မထိခိုက်တာမျိုး၊ လူငယ်တွေလည်း ပျော်ရွှင်မှုပေးနိုင်တဲ့ နေရာမျိုးတွေ သတ်မှတ်ဖန်တီးသတ်မှတ်ပေးစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယင်းနောက် ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ ကတင်သွင်းခဲ့သော “အတွဲလိုက် Sound Box များဖွင့်လှစ်၍ ဆူညံသံများဖြင့် နိုင်ငံသားများ၏ ကျန်းမာရေးကို ထိခိုက်အနှောင့်အယှက်ဖြစ်နေခြင်းအား ထိရောက်စွာ အရေးယူတားဆီးပိတ်ပင်ရေးအဆို” အား ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူကာ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အတွဲလိုက် Sound Box များ၊ အသံချဲ့စက်များ အသုံးပြုပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ (၃) ရက်ကြိုတင်ကာ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် ညွန်ကြားချက်နှင့် စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ရပ်ကွက်နှင့် ကျေးရွာ ဥပဒေဖြင့် (၅၀၀၀) ကျပ်ထက်မပိုသော ငွေဒဏ် (သို့မဟုတ်) ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက (၇) ရက်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခံစေရန် သက်ဆိုင်ရာတရားရုံးမှ အမိန့်ချမှတ်နိုင်ကြောင်းကို ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေတွင် ပြဌာန်းထားကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း အလှူပွဲများ၊ ဘုရားပွဲများ၊ ပွဲလမ်းသဘင်များ၊ သာရေးနာရေးပွဲ၌ အဆိုပါ အတွဲလိုက် Sound Box များတင်ဆောင်ထားသည့် ယာဉ်များဖြင့် ကျယ်လောင်စွာဖွင့်လှစ်ကြလေ့ရှိကြောင်း သိရသည်။















