ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်တွင် ထပ်မံတပ်ဆင်မည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်တွင် ထပ်မံတပ်ဆင်မည်
Published 13 June 2026

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဏုမြူရောင်ခြည် SPECT-CT စက်သစ်တစ်လုံးကို ယခုနှစ်တွင် ထပ်မံတပ်ဆင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် သိုင်းရွိုက်၊ အရိုး၊ ကျောက်ကပ်၊ ပါရာသိုင်းရွိုက်၊ အသည်းနှင့် သရက်ရွက်၊ သည်းခြေလမ်းကြောင်းနှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အဏုမြူရောင်ခြည်ဆေးရည်ဖြင့် ရှာဖွေကုသပေးနေသည့်အပြင် ကင်ဆာရောဂါဆိုင်ရာရှာဖွေစမ်းသပ်ခြင်းများကိုလည်း အဆင့်ဆင့်ဆောင်ရွက်ပေးလျက်ရှိသည်။

အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရာတွင် ခေတ်မီစက်ကြီးနှစ်မျိုးဖြစ်သည့် SPECT-CT စက်နှင့် PET-CT စက်ကို အဓိကထားအသုံးပြုပြီး ရောဂါအမျိုးအစားအလိုက် ခွဲခြားရှာဖွေပေးလျက်ရှိသည်။

SPECT-CT စက်သည် အဏုမြူရောင်ခြည်ဆေးရည်ကို အသုံးပြုကာ အရိုး၊ ကျောက်ကပ်၊ သိုင်းရွိုက်၊ ပါရာသိုင်းရွိုက်နှင့် အသည်းရောဂါများကို ရှာဖွေပေးလျက်ရှိပြီး PET-CT စက်သည် ကင်ဆာရောဂါရှာဖွေရာတွင် အဓိကအသုံးပြုဆောင်ရွက်ပေးလျက်ရှိပါသည်။ အဆိုပါဆေးရည်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ Cyclotron စက်ကြီးမှ ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်သည်။

ရောဂါကုသရေးအပိုင်းတွင် ပြင်ပလူနာနှင့်အတွင်းလူနာဟူ၍ နစ်ပိုင်းခွဲခြားထားပြီး နေ့စဉ်ရုံးဖွင့်ရက်တိုင်းတွင် နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းအချိန်ဟူ၍ နှစ်ကြိမ်ခွဲခြားကြည့်ရှုကုသပေးလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာနမှ SPECT-CT စက်ဖြင့် ရောဂါရှာဖွေခြင်းလူနာ (၃၀၀၀)၊ PET-CT စက် ဖြင့် ရောဂါရှာဖွေခြင်း လူနာ (၆၅၀) နှင့် အဏုမြူရောင်ခြည်ဆေးဖြင့် ရောဂါကုသခြင်း လူနာ (၇၅၀) တို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခု (၂၀၂၆) ခုနှစ်အတွင်း လူနာများအားပိုမိုထိရောက်စွာဝန်ဆောင်မှုပေးနိုင်ရန်အတွက် SPECT-CT စက်သစ်တစ်လုံးကို ထပ်မံတပ်ဆင်ကာရောဂါရှာဖွေခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါဌာနသည် ရောဂါရှာဖွေကုသခြင်းများအပြင် ဆေးပညာလောကအတွက် အဏုမြူရောင်ခြည်ဆေးပညာရှင်များကိုလည်း ဆက်လက်မွေးထုတ်ပေးလျက်ရှိရာ အဏုမြူရောင်ခြည်မဟာသိပ္ပံတန်းတွင် နှစ်စဉ်သင်တန်းသား သုံးဦးမှ ငါးဦးအထိ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။

Most Read

Most Recent