မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိသည့် ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး

မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသည့် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိသည့် ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတ ကြည့်ရှုစစ်ဆေး
Published 7 May 2026

အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိသည့် မိုးကုတ်ရတနာမြေမှ ရှာဖွေတွေ့ရှိသော ပတ္တမြားကြီးကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကျင်းပပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရအဖွဲ့ တာဝန်ယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်သောအချိန်အခါသမယတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမား သည့် ပတ္တမြားတစ်ပွင့် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပတ္တမြားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော်၊ ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ပတ္တမြားကြီး၏ အချက်အလက်များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် တက်ရောက်လာကြသူများ အား ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် ပတ္တမြားကြီးအား ကြည့်ရှုကြကြောင်း သိရသည်။

ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်)ရှိသဖြင့် အရွယ်အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး ရှားပါး ကြောင်း၊ ပတ္တမြားကြီးအနေဖြင့် ခရမ်းရောင်သမ်းသော အနီရောင်တွင် အဝါရိပ်ဖောက်သောအရောင်ရှိပြီး အရောင်အဆင့်အတန်းအားဖြင့် ကောင်းမွန်ကြောင်း၊ အလင်းပေါက်အား သင့်တင့်ပြီးဖန်ရောင်လက်ကောင်းမွန်ကာ ပြုပြင်ထားခြင်း မရှိသော သဘာဝအတိုင်းရှိသည့် ပတ္တမြားကြီးဖြစ်ကြောင်း သိရသည်။

ယခင်က မိမိတို့နိုင်ငံတွင် ရှားပါးပြီးတန်ဖိုးရှိသည့် ၁၉၉၀ ပြည့်နှစ်တွင် ရရှိခဲ့ သော အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်) ရှိပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သော အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်)ရှိ နစက ပတ္တမြားတို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယခုပတ္တမြား အပါအဝင် ပတ္တမြား ၄ ပွင့်လုံးသည် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်ဒေသမှ ထွက်ရှိပြီး သက်ဆိုင်ရာပတ္တမြားတစ်ပွင့်ချင်းအလိုက် ဂုဏ်သတ္တိ ထူးခြားချက်များ ရှိသောကြောင့် အလွန်တန်ဖိုးရှိသည့် ပတ္တမြား များဖြစ်ကြကြောင်း၊ ၁၉၉၆ ခုနှစ် ရရှိခဲ့သော ပတ္တမြားသည် အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင် နှင့်အရည်အသွေးနှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားသည် အရောင်နှင့် အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားကြောင်း သိရသည်။

Most Read

Most Recent