ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံး

ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 26 May 2026

မုဒုံမြို့နယ် ကမာဝက်မြို့ ဂုံညှင်းတန်းရပ်ကွက်နေ  ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး သတ်ဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ယမန်နေ့ မေလ (၂၅) ရက် ည (၈) နာရီခန့်က မုဒုံမြို့နယ် ကမာဝက်မြို့၊ ဂုံညှင်းတန်းရပ်ကွက်ဘက်မှ ပစ်ခတ်သံများကြားခဲ့ရကြောင်း နှင့် အသက် (၅၆) နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သူ ဦးကျော်မင်း ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး “ဦးကျော်မင်း ရဲ့ နေအိမ်ရှေ့ကို သေနတ်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီးတော့ လက်နက်ငယ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးကျော်မင်းတွင် ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကမာဝက်တိုက် နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးထားစဉ် သေဆုံးသွားသည့်ဟု သိရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

 ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းအား မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့်ပစ်သတ်သွားသည်ကို မသိရသေးပေ။

ယခု မေလအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မုဒုံမြို့နယ်အတွင်း အမျိုးသားတစ်ဦး၊  သံဖြူဇရပ်မြို့နယ် အတွင်း အမျိုးသား (၅) ဦးနှင့် ရေးမြို့နယ်အတွင်း အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent