Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်တစ်ခု တည်ဆောက်နေသဖြင့် လျှပ်စစ်ဓာတ်အားကို တရားမဝင်ရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ဇူလိုင် ၃၁ ရက် နောက်ဆုံးထား သတင်းပို့လျှင် ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသကဲ့သို့ ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲလာစေရန် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ နည်းပညာကြောင့် ဓာတ်အားပျောက်ဆုံးမှုနှင့် နည်းပညာကြောင့် မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှု (ဓာတ်အားခိုးယူသုံးစွဲမှု) များ လျော့နည်းပပျောက်သွားစေရေးအတွက်လည်း အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နည်းပညာကြောင့်မဟုတ်သည့် ဓာတ်အားပျောက်ဆုံးမှုများ ပပျောက်စေရေးအတွက် မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုများကို အဖွဲ့များ ဖွဲ့စည်း၍ ဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရသည်။
ထို့အပြင် Smart Meter စနစ်သို့ ကူးပြောင်းနိုင်ရေး တွန်းအားပေးဆောင်ရွက်နေသကဲ့သို့ ပြည်သူများအနေဖြင့် ကိုယ်တိုင်မီတာဖတ်ရှု၍ မီတာခ ပေးဆောင်နိုင်မည့်အပြင် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်တစ်ခု တည်ဆောက်ခြင်းကိုလည်း တစ်ပြိုင်တည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်၍ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် မသမာသောနည်းလမ်းများကို အသုံးပြု၍ တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ ပြုလုပ်ထားပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးကြပါရန်နှင့် ယင်းသို့အသိပေးလာပါက ဖြေလျှော့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလကျော်လွန်ပြီးချိန်တွင် တရားမဝင်ဓာတ်အား သုံးစွဲမှုများကို Control Center များမှ စစ်ဆေးတွေ့ရှိပါက ပြဌာန်းထားသည့် လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖော်ပြပါ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပို့ကြပါရန် အသိပေးကြေညာကြောင်း သိရသည်။
ဆက်သွယ်ပြီး သတင်းပို့နိုင်သည့် ဖုန်းနံပါတ်များမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (နေပြည်တော်) - ၀၆၇-၃၄၁၀၀၇၂၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) - ၁၇၁၇၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC) - ၁၆၁၆၊ ၀၂-၄၀၃၉၃၃၀၊ ၀၂-၄၀၇၃၆၆၆၊ ၀၂-၄၀၇၂၆၁၈ (Hot Line) ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ - ၀၆၇-၃၄၁၀၄၀၇ ၀၉၆၈၂၂၃၂၆၀၀၊ ၀၉၆၆၅၄၃၂၅၇၅ များဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတြ်ပန်သည်။















