■လက်ရှိ ရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်မည့် အခြေအနေများ ဆွေးနွေး
အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu တို့ ယနေ့(ဇွန် ၁ ရက်) ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် H.E. Shri Narendra Modi ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ သမ္မတ H.E. Smt. Droupadi Murmu တို့သည် သမ္မတအိမ်တော်(Rashtrapati Bhavan)တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုအမွေအနှစ်များ အပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍ မြှင်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု အခြေအနေများ၊ အမျိုးသမီးများကဏ္ဍ မြှင့်တင်ရေးအတွက် အတွေ့အကြုံများ မျှဝေနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက်နိုင်ငံတော်သမ္မတသည် သမ္မတအိမ်တော် ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခိုင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ သမ္မတနှင့်အတူ အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။















