ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်၌ လေးရက်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၂၆) ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၄) ရက်နေ့ ဒေသစံတော်ချိန် ည (၉) နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူဒေသ ဘန်ဆမ်လန်း (Ban Sam Lang) အနီးရှိ တောစပ်၌ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁၁) ဦး စုစုပေါင်း (၁၅) ဦးအား တွေ့ရရှိ၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အလားတူ ယမန်နေ့ ဇူလိုင်လ (၆) ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းအချိန်ကလည်း ထိုင်းရဲတပ်ဖွဲ့ဝင်များမှ နောင်လူး (Nong Lu) ကျေးရွာအုပ်စု အတွင်း ကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ လူအုပ်စု တစ်စုအား တွေ့ရရှိရ၍ စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား လူကြီး (၇) ဦးနှင့် ကလေး (၄) ဦး စုစုပါင်း (၁၁) ဦးအားတွေ့ရှိရရ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကလေး (၄) ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၂၆) ဦးတို့မှာ မြန်မာ - ထိုင်းနယ်စပ် ဘုရားသုံးဆူဒေသ မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် လမ်းကြောင်းများမှတဆင့် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း နှင့် တရားဝင်အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းလည်း မရှိကြကြောင်း ထိုင်းသတင်းများက ဆိုကြသည်။
အဆိုပါ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား “ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု” ဖြင့် အမှုဖွင့်လှစ်ထားပြီး၊ ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် စံခလဘူရီမြို့ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံလွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
Photo Credit – Thai News















