■ မန္တလေးမြို့ လမ်း ၆၀ အနီးတစ်ဝိုက်တွင် ဖုန်းလုခံရမှုများ ဆက်တိုက်ဖြစ်ပွားနေဟု ဆို

■ မန္တလေးမြို့ လမ်း ၆၀ အနီးတစ်ဝိုက်တွင် ဖုန်းလုခံရမှုများ ဆက်တိုက်ဖြစ်ပွားနေဟု ဆို
Published 7 July 2026

မန္တလေးမြို့ လမ်း ၆၀ အနီးတစ်ဝိုက်တွင် ဖုန်းလုခံရမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဖုန်းလုခံရသူများထံမှ စုံစမ်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ လမ်း ၆၀၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားတွင် ဇူလိုင် ၃ ရက် ညနေ ၆ နာရီက  လမ်းလျှောက်ပြီး ဈေးဝယ်ပြန်လာသည့် အမျိုးသမီးတစ်ဦး လက်မှကိုင်ထားသည့်အိတ်နှင့် ဖုန်းအား လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လုယက်ခံသူ မစုပြည့်ဝင်းက "ဖုန်းလုခံရပြီး နာရီဝက်လောက်နေတော့  လုသွားတဲ့သူက ကျွန်မက တစ်ခြားဖုန်းနဲ့ သူတို့ဆီဆက်ထားတဲ့ဖုန်းကို apple ကနေ သတိပေးစာပို့သလိုပုံစံနဲ့ ဖုန်းတည်‌နေရာကြည့်ဖို့ Link အတုတွေ ပို့လာတယ်။ Link ကို နှိပ်လိုက်တော့ ဖုန်း Passcode ကို ထည့်ခိုင်းပါတယ်။ကျွန်မလည်း အယောင်ယောင်အမှားမှားနဲ့ လျှောက်နှိပ်မိလိုက်ပေမယ့် ဖုန်း Passcode မဟုတ်လိုက်ဘူး။  လူက ပူထူနေတော့ link အတုလား အစစ်လားဆိုတာတောင် မဝေခွဲနိုင်ဘူးလေ။ ဖုန်းဆိုင်ရောက်တဲ့ခါ ပို့လာတဲ့ message တွေ ပြလိုက်‌တော့  သူတို့က လုပြီးရင်၊ ခိုးပြီးရင် အဲ့လိုလင့်အတုတွေ ပို့ကြတယ်။ လုခံရတဲ့သူကလည်း တကယ်အစစ်ထင်ပြီး passcode ရိုက်ထည့်လိုက်တော့ ဖုန်းဖွင့်လို့ရပြီး ပါသွားကျတာ အများကြီးပဲတဲ့။ သူတို့တွေက  နည်းပညာကျွမ်းတဲ့သူတွေနဲ့ပါပေါင်းပြီး လုပ်စားနေကြတာပဲ။ ကျွန်မလို တစ်ခြားသူတွေလည်း မကြုံတွေ့အောင် ရဲစခန်းမှာ အမှုသွားဖွင့်မှာဖြစ်သလို ကြုံတွေ့လာတဲ့ခါ သတိထားရှောင်ရှားနိုင်အောင် ခုလို အသေးစိတ်ပြောပြရခြင်းဖြစ်ပါတယ် " ဟု သူမကြုံတွေ့ခဲ့ရသည်နှင့်ပတ်သက်ပြီး ပြောပြခဲ့သည်။

မစုပြည့်ဝင်း ဖုန်းလုခံရမှုနှင့်ပတ်သက်ပြီး အမှတ် (၉) ရဲစခန်းတွင် ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားရာ တာဝန်ခံရဲအရာရှိမှ " လောလောဆယ်တော့ ကျွန်တော်တို့ စခန်းအပိုင်နယ်မြေထဲမှာ ဖုန်းလုခံရမှုနဲ့ပတ်သက်ပြီး အမှုလာဖွင့်တာတော့ ဒီတစ်မှုပဲရှိပါသေးတယ်။ ခုလိုအမှုလာဖွင့်တဲ့ခါ အခင်းဖြစ်ပွားနေရာတွေ သေချာလိုက်ကြည့် cctv တွေ ပြန်ရှာ၊ သေချာချိတ်ဆက်ရှာဖွေစုံစမ်းတာတွေလုပ်ပြီး မိအောင် ကြိုးစားနေပါတယ်။ လမ်းမှာ လှည့်ကင်းလှည့်ရင်း ဖုန်းပြောနေတာတွေ တွေ့တဲ့ခါလည်း မပြောဖို့ သတိပေးပြောဆိုတာတွေ လုပ်ပါတယ်။ အမှုဖွင့်တာ မဖွင့်တာကတော့ နစ်နာသူတွေဆန္ဒပါ"  ဟု ဆိုသည်။

အဆိုပါလမ်း ၆၀၊ ၃၆ လမ်းနှင့်လမ်း ၄၀ အနီးတဝိုက်၌ ယခုကဲ့သို့ မိန်းကလေးများ ပြစ်မှတ်ထား ဖုန်းလုယူခံမှုများနှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြရေးသားထားသည်ကိုလည်း တွေ့ရသည်။

ဖုန်းလုခံရသည့်နေရာများမှာ  လူအများသွားလာနေသည့် နေရာများဖြစ်ပြီး ဖုန်းကို ပလတ်စတစ်အိတ်အစုတ်တွင် ထည့်ထားသည်ကို လုခံရခြင်းဖြစ်ကြောင်း၊  လမ်း ၆၀ အနီးတစ်ဝိုက်တွင်ပင် လုခံရမှုများ များပြားနေပြီဖြစ်ကြောင်း၊ လူအများပြားရှိကာ သွားလာနေကြသည့်အချိန်မှာပင် လုခံနေရခြင်းဖြစ်ကာ ၎င်း၏ မိတ်ဆွေတစ်ဦးမှာလည်း  ၆၄ လမ်း ၃၄ လမ်းနှင့် ၃၅ လမ်း ကြားရှိ နေအိမ်ရှေ့တွင်ပင် လုခံရသေးကြောင်း မစုပြည့်ဝင်းက ပြောပြခဲ့သည်။

"တကယ်တော့ ဖုန်းခိုး၊ ဖုန်းလုပြီး နည်းပညာကျွမ်းသူတွေနဲ့ပေါင်းပြီး လုပ်နေတာ အုပ်စုလိုက်ရှိတယ်။ အရင်က လိုက်လံစုံစမ်းရင်း တည်နေရာတစ်ခု အတည်တကျသိရပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်ကြဘူး။ နစ်နာသူတွေအနေနဲ့မဖြစ်မနေ အမှုဖွင့်တိုင်ကြားဖို့လိုတယ်။ ဒါမှသာ ထိထိရောက်ရောက်စုံစမ်းအရေးယူနိုင်မှာ" ဟု ရဲအရာရှိဟောင်းက တစ်ဦးက ဆိုသည်။

 

Most Read

Most Recent