တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး

တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ဖမ်းဆီး
Published 7 May 2026

တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ဝန်ထမ်းအမျိုးသမီးငယ်ကို သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည့် ဆိုင်ပိုင်ရှင်ကို ရှမ်းပြည်အရှေ့ပိုင်းတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

တောင်ကြီးမြို့ Peter Cocktail ဆိုင်မှ ဆိုင်ရှင်အောင်မျိုးသူကို တုံတာနယ်မြေရဲစခန်းတွင် မေ ၆ ရက်၊ ညနေပိုင်းတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Peter Cocktail ဆိုင်မှ ဆိုင်ရှင်ဖြစ်သူသည် ဝန်ထမ်းအမျိုးသမီးငယ်ကို ဦးနှောက်သွေးကြောပေါက်ကာ အသက်သေဆုံးသည်အထိ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သဖြင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ပွားပြီး မေ ၅ ရက် မနက်ပိုင်း ၄ နာရီတွင် ဆိုင်ကယ်နှင့် ထွက်ပြေးခဲ့ခြင်းဖြစ်ကာ မေ ၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တုံတာနယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါကျူးလွန်သူ လွှဲပြောင်းခဲ့ကာ တောင်ကြီးမြို့ မြို့မရဲစခန်းသို့ ပြန်လည်ခေါ်ဆောင်လာပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

Peter Cocktail ဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာသည် မေ ၄ ရက်၊ ညပိုင်းက ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် အား စားသောက်ဆိုင်အတွင်း လာရောက်စားသောက်သည့် ဧည့်သည်မှ မုန့်ဖိုးပေးအပ်ခဲ့သည်ကို ၎င်းအား ပြောပြမှုမရှိခြင်းကြောင့် ဟုဆိုကာ ထိုးကြိတ်၊ ရိုက်နှက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ရာမှ အမျိုးသမီးငယ်မှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

Most Read

Most Recent