SpaceX ကုမ္ပဏီသည် အမေရိကန် စတော့ရှယ်ယာဈေးကွက်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး အများပိုင်စတော့ရှယ်ယာအဖြစ် စတင်ရောင်းချမှု (IPO) တွင် ရှယ်ယာဈေးနှုန်းများ ထိုးတက်သွားခဲ့ပြီးနောက် အီလွန်မတ်စ်ကို ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာစေခဲ့သည်။
ဇွန် ၁၂ ရက်က Nasdaq စတော့ဈေးကွက် ဖွင့်လှစ်ချိန်တွင် SpaceX ရှယ်ယာများသည် တစ်စုလျှင် ၁၅၀ ဒေါ်လာဖြင့် စတင်ခဲ့ပြီးနောက် ၁၉ ရာခိုင်နှုန်းကျော် မြင့်တက်ကာ ၁၆၁ ဒေါ်လာအောက်တွင် ဈေးပိတ်ခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးမှာ ၂ ဒသမ ၁ ထရီလီယံဒေါ်လာအထိ ရောက်ရှိသွားပြီး အမေရိကန်၏ ဆဋ္ဌမမြောက် အကြီးဆုံး အများပိုင်ကုမ္ပဏီ ဖြစ်လာခဲ့သည်။
SpaceX ကို ယခုကဲ့သို့ အများပိုင်အဖြစ် ရှယ်ယာထုတ်ရောင်းချရခြင်းသည် အာကာသထဲတွင် ဂြိုဟ်တုများနှင့် ဒေတာစင်တာများ တည်ဆောက်ရန်၊ အင်္ဂါဂြိုဟ်ပေါ်၌ လူသားများ အခြေစိုက်နေထိုင်မည့် မြို့ပြတစ်ခု တည်ဆောက်ရန်တို့အတွက် ဘီလီယံနှင့်ချီ ရန်ပုံငွေများ လိုအပ်နေခြင်းကြောင့်ဟု စီအီးအို အီလွန်မတ်စ်က ပြောသည်။
SpaceX အနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ဒေါ်လာ ၈ ဒသမ ၇ ဘီလျံအထိ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အနာဂတ် ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်ကာ ရင်းနှီးမြှုပ်နှံသူများက အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသည်။ ထို့ပြင် ကုမ္ပဏီသည် AI ကဏ္ဍတွင်လည်း ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် OpenAI နှင့် Anthropic တို့ကို ကျော်တက်ရန် ရည်မှန်းထားသည်။
Forbes မဂ္ဂဇင်း၏ ဖော်ပြချက်အရ လက်ရှိတွင် အီလွန်မတ်စ်သည် SpaceX နှင့် လျှပ်စစ်ကားကုမ္ပဏီ Tesla တို့မှ ရှယ်ယာပိုင်ဆိုင်မှုများကြောင့် စုစုပေါင်း ကြွယ်ဝချမ်းသာမှု ခန့်မှန်းခြေဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ ရှိလာပြီဖြစ်သည်။
မတ်စ်သည် ယခင်က Zip2 နှင့် PayPal ကုမ္ပဏီများကို ရောင်းချရာမှရသည့် ဒေါ်လာသန်း ၂၀၀ ကို အရင်းပြု၍ SpaceX ကို တည်ထောင်ခြင်းနှင့် Tesla တွင် ရင်းနှီးမြှုပ်နှံခြင်းတို့ဖြင့် ၎င်း၏အင်ပါယာကို စတင်ခဲ့သည်။
Ref: AP
Photo: AP















