ဘီယာဆိုင် မီးလောင်မှုအပြီး နုတ်ထွက်ပေးရန် ရှိ၊ မရှိ မေးမြန်းချက်ကို ထိုင်းဝန်ကြီးချုပ် ပယ်ချ

ဘီယာဆိုင် မီးလောင်မှုအပြီး နုတ်ထွက်ပေးရန် ရှိ၊ မရှိ မေးမြန်းချက်ကို ထိုင်းဝန်ကြီးချုပ် ပယ်ချ
Published 16 July 2026

ထိုင်းဝန်ကြီးချုပ် အနုတင်သည် လူသေဆုံးမှုများခဲ့သည့် Na Ladprao ဘီယာဆိုင် မီးလောင်မှုနှင့် ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နုတ်ထွက်ပေးရန် ရှိမရှိ မေးမြန်းချက်ကို ပယ်ချခဲ့သည်ဟု သိရသည်။

သေဆုံးသူ ၃၃ ဦး ရှိလာပြီဖြစ်သည့် အဆိုပါမီးလောင်မှုအပြီး ၎င်းအနေဖြင့် နုတ်ထွက်ပေးရန် ရှိမရှိ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းလာသည့်အပေါ် ဝန်ကြီးချုပ်ကပြုံးပြီး “နောက်မေးခွန်းတစ်ခု မေးပါ” ဟုသာ ပြန်ဖြေခဲ့သည်။ “အဲဒီမေးခွန်းက အခြေအမြစ်မရှိပါဘူး။ ဒါမျိုး မမေးသင့်ဘူး။ ကျေးဇူးပြုပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူပေးကြပါ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များအား ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် ဖျော်ဖြေရေးလုပ်ငန်းများအပေါ် ကြီးကြပ်ကွပ်ကဲမှု အားနည်းနေသည်ဆိုသည့် ဝေဖန်မှုများကိုလည်း ဝန်ကြီးချုပ်က ငြင်းဆိုခဲ့သည်။ဖျော်ဖြေရေးလုပ်ငန်း လိုင်စင်များကို နှစ်စဉ် စစ်ဆေးလျက်ရှိပြီး တာဝန်ရှိသူများက ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းများကို လိုက်နာမှု ရှိမရှိ ပုံမှန်စစ်ဆေးနေကြောင်း ဆက်လက်ရှင်းပြခဲ့သည်။

“အမြဲပြန်ဖြစ်နေတဲ့ ပြဿနာကတော့ လူတစ်ချို့က အမြတ်ပိုရဖို့ ဥပဒေကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေတာပါပဲ။ သူတို့က စွန့်စားလုပ်ကိုင်နေကြတာဖြစ်ပြီး ဒါဟာ ရေရှည်အတွက် မကောင်းဘူး” ဟုလည်း ဝန်ကြီးချုပ်ကပြောသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ဖျော်ဖြေရေးလုပ်ငန်းများကို အထူးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် ညွှန်ကြားထားသည်။ဘီယာဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် လုပ်ငန်းရှင်များအား ဥပဒေကြောင်းအရ အရေးယူသွားမည်ဖြစ်ပြီး လုပ်ငန်းလိုင်စင်ကိုလည်း ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က အတည်ပြုခဲ့သည်။

Ref: Khaosod English

Photo: Thai PBS World

Most Read

Most Recent