■ Madison Square Garden တွင် ပြုလုပ်လိုက်ပြီဖြစ်သည့် တေလာဆွစ်၏ မင်္ဂလာပွဲကို ရာစုနှစ်၏ မင်္ဂလာပွဲဟု တင်စားနေကြ

■ Madison Square Garden တွင် ပြုလုပ်လိုက်ပြီဖြစ်သည့် တေလာဆွစ်၏ မင်္ဂလာပွဲကို ရာစုနှစ်၏ မင်္ဂလာပွဲဟု တင်စားနေကြ
Published 4 July 2026

တေလာဆွစ်နှင့် ချစ်သူ NFL ဘောလုံးကစားသမား ထရားဗစ်ကယ်ဆီတို့၏ မင်္ဂလာပွဲကို နယူးယောက်မြို့ရှိ Madison Square Garden တွင် ဇူလိုင် ၃ ရက်က ဟာသသရုပ်ဆောင် အဒမ်ဆန်းဒလား၏ ဦးဆောင်မှုဖြင့် ကျင်းပလိုက်ပြီဖြစ်သည်။ နာမည်ကျော် အများအပြားတက်ရောက်သည့် အဆိုပါမင်္ဂလာပွဲတွင် မင်္ဂလာမောင်နှံက Christian Dior Haute Couture ဝတ်စုံကို ဆင်မြန်းခဲ့သည်။

အဆိုပါဝတ်စုံများကို Dior ၏ တီထွင်ဖန်တီးမှု ဒါရိုက်တာသစ် ဂျိုနသန် အန်ဒါဆန်က တေလာတို့စုံတွဲနှင့် အနီးကပ်ပူးပေါင်းကာ ဒီဇိုင်းထုတ်ပေးခဲ့ခြင်းဖြစ်သည်။ မင်္ဂလာပွဲ ဓာတ်ပုံများ ထွက်မလာသေးပေ။ မင်္ဂလာမောင်နှံ၏ ဖိနပ်များကို Christian Louboutin က အထူးဒီဇိုင်း ထုတ်လုပ်ပေးခဲ့ပြီး တေလာက Cartier လက်ဝတ်ရတနာများကို ဝတ်ဆင်ခဲ့သည်။ မင်္ဂလာဆောင်တွင် သတို့သမီးအရံနှင့် သတို့သားအရံများ မထားခဲ့ပေ။

ထိုပွဲသို့ အဆိုတော် ကမီလာ ကဘယ်လို၊ သရုပ်ဆောင် ဟျူးဂရန့်၊ အီသန်ဟော့၊ ဂျီဂျီဟာဒစ် စသဖြင့် ထိပ်တန်းအနုပညာရှင်များ တက်ရောက်ခဲ့ကြပြီး ထိုနေ့တစ်နေ့လုံး ပရိသတ်များ အပြင်ဘက်တွင် စုရုံးစုရုံးဖြစ်ခဲ့ကြသည်။

Madison Square Garden တွင် ကျင်းပသည့် အဆိုပါအခမ်းအနားကို ဇူလိုင် ၂ ရက်တွင် လူဦးရေ ၁၀၀ ခန့် တက်ရောက်သည့် အသေးစားပါတီပွဲဖြင့် စတင်ခဲ့သည်။ ဇူလိုင် ၃ ရက်မှာမှ ပွဲပိုကြီးသွားပြီး Midtown Manhattan ရှိ လမ်းမများကို ယာဉ်အသွားအလာ ပိတ်ထားကာ အမည်းရောင် SUV ကားတန်းကြီး အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဧည့်သည်များ လုံခြုံစွာဝင်ရောက်နိုင်ရန် ကွင်းရှိ ဝန်ထမ်းများက ကန့်လန့်ကာများ ပြင်ဆင်ထားခဲ့သည်။

Madison Square Garden တွင် တေလာနှင့် ထရားဗစ်တို့၏ အမည်များကို ရည်ညွှန်းသည့် "JUST&T MARRIED" စာတန်းပါ ဆိုင်းဘုတ်ကြီးများကို ပြသခဲ့ပြီး အင်ပါယာစတိတ် အဆောက်အအုံက တေလာတို့ စုံတွဲကို မီးအလင်းရောင်များဖြင့် ဂုဏ်ပြုခဲ့သည်။

အမေရိက၏ အကြီးဆုံးမြို့တစ်မြို့တွင် နှစ်ရက်ကျင်းပသည့် ထိုမင်္ဂလာပွဲကို ရာစုနှစ်၏ မင်္ဂလာပွဲဟု ပြောနေကြပြီး တော်ဝင်မင်္ဂလာပွဲများနည်းတူ ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ မင်္ဂလာပွဲမတိုင်မီ တေလာတို့အတွဲက ပရဟိတအဖွဲ့ ၂၀ ကျော်ကို ဒေါ်လာ ၂၆ သန်း လှူဒါန်းခဲ့သည်။

Kansas City Chiefs ဘောလုံးအသင်းပါဝင်သည့် ပြိုင်ပွဲကို တေလာပထမဆုံးအကြိမ် သွားအားပေးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာတွင် ၎င်းတို့ဆက်ဆံရေးကို လူပြောများလာကြသည်။ ထိုနှစ် နိုဝင်ဘာတွင် ထရားဗစ်က ၎င်းတို့ဒိတ်နေကြောင်း အတည်ပြုခဲ့သည်။ ထို့နောက် တေလာက ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်တွင် အင်စတာဂရမ်၌ “ရှင်တို့ရဲ့ အင်္ဂလိပ်စာဆရာမနဲ့ အားကစားဆရာတို့ လက်ထပ်တော့မှာပါ” ဟု ပို့စ်တင်ကာ ပရိသတ်ကိုအသိပေးခဲ့သည်။

Ref: BBC  

Photo: AP/ BBC / Page Six

 

Most Read

Most Recent