ပြင်သစ်နိုင်ငံတွင် ဇွန် ၂၂ ရက်မှ ဇွန် ၂၈ ရက်အတွင်း သေဆုံးသူအရေအတွက်သည် ၃၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲမှုနှင့် ဆက်နွှယ်နေပြီး စံချိန်တင်ပြင်းထန်ခဲ့သည့် အပူလှိုင်းသည် ဥရောပဒေသအနှံ့အပြားကို ကျရောက်ခဲ့ချိန်တွင် ပြင်သစ်၌ အပူလှိုင်းကြောင့် သေဆုံးသူများ မြင့်တက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သီတင်းပတ်အတွင်း ပါရီမြို့တော်ဒေသဝန်းကျင်တွင် သေဆုံးသူအရေအတွက်သည် ၆၂ ရာခိုင်နှုန်းခန့်အထိ သိသိသာသာတိုးလာခဲ့ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။
ဇွန်လနှောင်းပိုင်းက ဥရောပတစ်ခွင်ကို အပြင်းအထန် ရိုက်ခတ်ခဲ့သော အပူလှိုင်း၏ သက်ရောက်မှုများသည် လူသားများကြောင့်ဖြစ်ရသည့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ခဲ့ရသည်ဆိုသည့်အချက်ကို ငြင်းချက်မထုတ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင် အပူချိန်များကို မှတ်တမ်းစတင်ကောက်ခံခဲ့သည့် ၁၉၄၇ ခုနှစ်မှစပြီး ယခုနှစ် ဇွန်လသည် အပူဆုံးဇွန်လအဖြစ် စံချိန်တင်ခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အဆိုပါ အပူလှိုင်းကြောင့် ဇွန် ၁၇ ရက်မှ ၃၀ ရက်အထိ နိုင်ငံ့နယ်နိမိတ် ၄၀ ရာခိုင်နှုန်းကျော်တွင် အပူချိန်မှာ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက် မြင့်တက်ခဲ့သည်။
အစွန်းရောက်အပူဒဏ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ရထားခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည့်အပေါ် အစိုးရအနေဖြင့် ပြင်ဆင်မှုအားနည်းခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ဝန်ကြီးချုပ် ဆီဘက်ရှီယန် လီကော်နူး၏ အစိုးရအဖွဲ့သည် ဇူလိုင် ၆ ရက်တွင် လွှတ်တော်၌ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
ပြင်သစ်တွင် ပျမ်းမျှအားဖြင့် အိမ် ၃ အိမ်တွင် ၁ အိမ်သည် အပူဒဏ်ခံနိုင်ရန် အကာအကွယ် ကောင်းမွန်စွာ တပ်ဆင်ထားခြင်း သို့မဟုတ် ပြင်ဆင်ထားခြင်း မရှိသဖြင့် ပြတင်းပေါက်လိုက်ကာ မရှိသော ပြင်သစ်နိုင်ငံသားများသည် ၎င်းတို့၏ အိမ်တွင်းအပူချိန်ကို လျှော့ချရန်အတွက် ပြတင်းပေါက်များကို ခြုံစောင်များဖြင့် ကာခြင်း သို့မဟုတ် ပြတင်းပေါက်မှန်များကို ဆေးသုတ်ခြင်းဖြင့် နေရောင်ခြည်ဒဏ်ကို ကာကွယ်နေရသည်။
ကျန်းမာရေးအာဏာပိုင်များက အပူချိန်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် ဇွန် ၂၂ ရက်မှ ဇွန် ၂၈ ရက် သီတင်းပတ်အတွင်း ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်း ၂၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယင်းသည် ထပ်တိုးသေဆုံးသူ ၂၀၂၅ ဦးနှင့် ညီမျှသည်ဟု ပြောကြားခဲ့သည်။
အသက် ၄၅ နှစ်မှ ၆၄ နှစ်ကြားအရွယ်များသည် သေဆုံးမှု သိသာစွာမြင့်တက်ခဲ့ကြောင်း ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက မှတ်ချက်ပြုခဲ့သည်။
သို့သော် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများသည် သေဆုံးမှုပမာဏ အများဆုံးဖြစ်သည်ဟု ကျန်းမာရေးဌာနက ထပ်လောင်းပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က ပြင်းထန်သော အပူလှိုင်းကျရောက်ချိန်အတွင်း ပြင်သစ်နိုင်ငံ၌ လူပေါင်း ၁၅၀၀၀ ခန့် သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်တွင် သက်ကြီးရွယ်အိုအများအပြားမှာ ဘိုးဘွားရိပ်သာများအတွင်း သေဆုံးခဲ့ကြရခြင်းဖြစ်သည်။
ယခုနှစ် ဇွန်လအတွင်း ကျရောက်ခဲ့သော အပူလှိုင်းသည် ပိုမိုပြင်းထန်သည်ဟု ယူဆရသော်လည်း ကြိုတင်ပြင်ဆင်မှုများကြောင့် နောက်ဆက်တွဲဆိုးကျိုးများသည် ၂၀၀၃ ခုနှစ်ကလောက် ပြင်းထန်မှုမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Ref: AFP















