■ အိန္ဒိယနှင့် ဂျပန် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ကို ပစ်မှတ်ထားခြင်းမျိုးမဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

■ အိန္ဒိယနှင့် ဂျပန် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ကို ပစ်မှတ်ထားခြင်းမျိုးမဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
Published 4 July 2026

အိန္ဒိယနှင့် ဂျပန်ကြား ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်ကို ပစ်မှတ်ထားခြင်းမျိုးမဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွမ်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် အရေးပါသော တွင်းထွက်သတ္တုများကဏ္ဍတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပြီးနောက် တရုတ်၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီတို့သည် ဇူလိုင် ၁ ရက်က နယူးဒေလီမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် လျှပ်စစ်ကားများ၊ စမတ်ဖုန်းများမှအစ ဂျက်အင်ဂျင်များနှင့် ပဲ့ထိန်းဒုံးကျည်များအထိ အရာအားလုံးတွင် အသုံးပြုရသည့် အဆိုပါ မဟာဗျူဟာမြောက် တွင်းထွက်သတ္တုများအကြောင်းကို အလေးထားဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံများအနေဖြင့် နားလည်မှုနှင့် ယုံကြည်မှုကို တိုးမြှင့်ဖော်ဆောင်ရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုဟာ တတိယအဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကို ဦးတည်ပစ်မှတ်ထားတာ ဒါမှမဟုတ် ထိခိုက်နစ်နာစေတာမျိုး မရှိသင့်ပါဘူး။ သီးသန့်အုပ်စုတွေ ဖွဲ့စည်းဖို့ ဒါမှမဟုတ် ထိပ်တိုက်ရင်ဆိုင်မှုတွေကို လှုံ့ဆော်ဖို့အတွက် အကြောင်းပြချက်တစ်ခုအနေနဲ့ အသုံးပြုဖို့ဆိုရင် ပိုလို့တောင် မဖြစ်သင့်ပါဘူး" ဟု ကော်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တာကာအီချီသည် တရုတ်အနေဖြင့် တရုတ် (တိုင်ပေ) ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်စစ်တပ်အနေဖြင့် ပါဝင်ရလိမ့်မည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။

တရုတ်အာဏာပိုင်များက တာကာအီချီ၏ ပြောကြားချက်ကို တုံ့ပြန်သည့်အနေဖြင့် မြေရှားသတ္တုများကို ဂျပန်နိုင်ငံသို့ တင်ပို့မှုကို ကန့်သတ်ခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဂျပန်နှင့် အိန္ဒိယသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ကွမ်တမ်နည်းပညာများနှင့် အရေးပါသော တွင်းထွက်သတ္တုများကဲ့သို့သော မဟာဗျူဟာမြောက် ကဏ္ဍများတွင် ထောက်ပံ့ရေးကွင်းဆက် ကြံ့ခိုင်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့သည် စီးပွားရေးကို လက်နက်သဖွယ် အသုံးချခြင်းနှင့် ဈေးကွက်အခြေမခံသော မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တာကာအီချီက သတိပေးပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဂျပန်အဖွဲ့အစည်း ၂၀ ခန့်ကို ဂျပန်၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပို့ကုန်အမည်ပျက်စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

ဂျပန်နိုင်ငံက တရုတ်၏  လုပ်ဆောင်ချက်အပေါ် လက်မခံနိုင်ကြောင်းနှင့် အလွန်စိတ်မကောင်းဖြစ်ရကြောင်း တုံ့ပြန်ပြောကြားခဲ့ပြီး ထိုဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။

Ref: AFP

 

Most Read

Most Recent