ကွန်မြူနစ်ဝါဒသည် အမေရိကန်တို့၏ လွတ်လပ်ခွင့်အတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ထရန့်သည် နှစ်ပေါင်း ၂၅၀ ပြည့် အမေရိကန်လွတ်လပ်ရေးနေ့ဖြစ်သည့် ဇူလိုင် ၄ ရက် အထိမ်းအမှတ်အခမ်းအနားများမတိုင်မီ တောင်ဒါကိုတာပြည်နယ် မောင့် ရက်ရှ်မိုး အထိမ်းအမှတ် ကျောက်တောင်ရှေ့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ဟာ မယုံကြည်နိုင်လောက်စရာ ထူးချွန်ပြောင်မြောက်တဲ့ ဒီသူရဲကောင်းတွေရဲ့ အထိမ်းအမှတ် ကျောက်တောင်ကြီးအောက်မှာ ရပ်တည်နေကြတာဖြစ်ပြီး ဒီသူရဲကောင်းကြီးတွေလိုပဲ ကြီးကျယ်ခမ်းနားပြီး မြင့်မြတ်တဲ့၊ အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာဖို့ ကျွန်တော်တို့ကိုယ်တိုင် သန္နိဋ္ဌာန်ချထားပါတယ်။ ဒါဟာ လုပ်ဖို့တော့ မလွယ်ကူပေမဲ့ ကျွန်တော်တို့ ဖြစ်အောင်လုပ်ဆောင်သွားမှာပါ" ဟု ထရန့်က အမေရိကန်သမ္မတ လေးဦး၏ ဦးခေါင်းပုံများကို ထုဆစ်ထားသည့် တောင်ဒါကိုတာပြည်နယ်ရှိ ကျောက်တောင်ရှေ့တွင် ပြောကြားခဲ့သည်။
"ကျွန်တော်တို့နိုင်ငံကို အသစ်ဝင်ရောက်လာသူတွေ အပါအဝင် ကျွန်တော်တို့ရဲ့ လူနေမှုဘဝပုံစံနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို လုံးဝဆန့်ကျင်တဲ့ အတွေးအခေါ်တွေကို လက်ခံထားကြတဲ့သူတွေကြောင့် အခုဆိုရင် ကျွန်တော်တို့ရဲ့ မြေပေါ်မှာ ကွန်မြူနစ်အန္တရာယ်ဟာ ပြန်လည်ဦးမော့လာနေပြီ ဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ခွင့်ပြုမှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။
ထရန့်က အဆိုပါခြိမ်းခြောက်မှုသည် အမေရိကန်နိုင်ငံကို အသစ်ဝင်ရောက်လာသူများထံမှ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ကွန်မြူနစ်ဆန့်ကျင်ရေး အပြောအဆိုများကို ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေးခေါင်းစဉ်နှင့် ချိတ်ဆက်ပြောဆိုခဲ့သည်။
ထရန့်၏ ရွှေ့ပြောင်းနေထိုင်သူဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ၂၀၂၄ ခုနှစ်က ကျင်းပခဲ့သည့် အမေရိကန်ရွေးကောက်ပွဲ အောင်နိုင်ရေးကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ခဲ့ပြီး ရွှေ့ပြောင်းများ၏ အရေးကိစ္စသည် အမေရိကန်သမိုင်းတွင် ကွန်မြူနစ်ဝါဒကို ဝေဖန်ရာတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ဖူးသည်။
ထိုကဲ့သို့ နိုင်ငံအတွင်း အသစ်ဝင်ရောက်လာသူများကို နှင်ထုတ်ပစ်ရန်လိုအပ်ကြောင်းလည်း ထရန့်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
"အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသားတွေဟာ ကွန်မြူနစ်ဝါဒကို အမြန်ဆုံး အောင်နိုင်ရမယ်လို့ လူသိရှင်ကြား ကျွန်တော်တို့ သန္နိဋ္ဌာန်ချမှတ်ပြီး ကျိန်ဆိုလိုက်ပါတယ်။ သူတို့ကို အမြန်ဆုံး မောင်းထုတ်ပစ်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ နိုင်ငံကို အရင်ကထက် ပိုမိုကြီးမား၊ ပိုမိုကောင်းမွန်ပြီး ပိုမိုအားကောင်းအောင် ဆက်လက်တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဘယ်တော့မှ ကွန်မြူနစ်နိုင်ငံ ဖြစ်လာမှာမဟုတ်ပါဘူး" ဟု ထရန့်က ပြောကြားခဲ့သည်။
ထို့နောက် ထရန့်သည် လတ်တလော ရင်ဆိုင်နေရသည့် သက်တမ်းဝက် ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်ပြီး စကားလမ်းကြောင်း ပြောင်းပြီး ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ဘက်က အမှားအယွင်းခံပြီး အရှုံးခံလိုက်မှသာ သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရှုံးနိမ့်မှာ ဖြစ်ပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်က နယူးယောက်နှင့် ဇွန် ၃၀ ရက်က ကိုလိုရာဒိုပြည်နယ်တို့တွင် ပြုလုပ်ခဲ့သည့် အကြိတ်အနယ်ရှိသော ဒီမိုကရက်တစ်ပါတီတွင်း ပဏာမရွေးကောက်ပွဲများ၌ ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ သုံးဦး အပါအဝင် တိုးတက်ပြောင်းလဲရေးဝါဒီ ကိုယ်စားလှယ်လောင်း လေးဦး အနိုင်ရရှိခဲ့ကြသည်။
ထို့ပြင် ကန်တပ်ကီ၊ နယူးဂျာစီ၊ အိုဟိုင်းယိုး၊ ပင်ဆယ်ဗေးနီးယားနှင့် တက္ကဆက်ပြည်နယ်များတွင် ပြုလုပ်သည့် ဒီမိုကရက်တစ်ပါတီတွင်း ရွေးကောက်ပွဲများတွင်လည်း တိုးတက်ပြောင်းလဲရေးဝါဒီ ကိုယ်စားလှယ်လောင်းများက အသီးသီးအနိုင်ရရှိခဲ့သည်။
Ref: Al Jazeera/ Reuters















