အင်္ဂလန်လက်ရွေးစင်နည်းပြ တူဟယ်လ်က အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဒက်ကလန်ရိုက်စ် ပွဲထွက်ကစားနိုင်မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ဟာ နော်ဝေနဲ့ပွဲမတိုင်ခင် နေမကောင်းဖြစ်ခဲ့ကြောင်း သိရပြီး နော်ဝေနဲ့ပွဲမှာ ပထမပိုင်းတစ်ပိုင်းပဲ ကစားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အာဂျင်တီးနားနဲ့ပွဲအတွက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ပွဲပယ်ခံထားရတဲ့ ကွမ်ဆာနဲ့ ဒဏ်ရာရနေတဲ့ ဟန်ဒါဆန်တို့ကလွဲရင် ကစားသမားအားလုံး ပါဝင်ခဲ့ပြီး ကစားသမားအားလုံး ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေကြောင်း တူဟယ်လ်က ပြောကြားခဲ့တာပါ။
''ရိုက်စ်က ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်နေပြီး ကြံ့ခိုင်မှုကလည်း တတ်နိုင်သလောက်ကောင်းမွန်လာပါတယ်'' လို့ တူဟယ်လ်က ပြောကြားခဲ့ပါတယ်။
ဒက်ကလန်ရိုက်စ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တူဟယ်လ်ရဲ့ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပေမဲ့ ကြံ့ခိုင်မှုပိုင်းမှာတော့ အကောင်းဆုံးပုံစံ ရှိမနေကြောင်း သိရပါတယ်။
တူဟယ်လ်က အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် အတိတ်ကဖြစ်ရပ်တွေကို လောင်စာအဖြစ် အသုံးပြုစရာမလိုဘဲ မိမိတို့အနေနဲ့ အောင်ပွဲရယူနိုင်ဖို့ ဆာလောင်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။















