တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံတွင်(၃၉)ကြိမ်မြောက်မျက်စိခွဲစိတ်ကုသမှုအစီအစဉ် တွင် လူနာပေါင်း ၂၀၀ ကျော် ကို ခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး၊ ခွဲစိတ်ရန် လိုအပ်သော လူနာအားလုံးကို ခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၊ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံတွင် ပြုလုပ်သည့် (၃၉)ကြိမ်မြောက်မျက်စိခွဲစိတ်ကုသမှုအစီအစဉ်ကို ဇူလိုင်လ ၉ ရက်မှ စတင်၍ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“၂၀၀၁ ခုနှစ် မှ စတင်၍ မေတ္တာရှင် နာမှုကူညီရေးအသင်းကို စတင် တည်ထောင်ခဲ့ပြီး၊ ၅ နှစ် ဆောင်ရွက်ခဲ့ပြီးချိန် ၊ မေတ္တာရှင် အသင်း အခမဲ့ ကုသိုလ်ဖြစ် ဆေးကုခန်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မေတ္တာရှင် ကုသိုလ်ဖြစ် ဆေးခန်း ကို ၂၀၀၇ ခုနှစ်မှ စတင်၍ ၂၀၂၀ ပြည့်နှစ် ကိုဗစ် ကာလ အထိ ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ မေတ္တာရှင် ကုသိုလ်ဖြစ် ဆေးရုံကို ဝန်ထမ်းအင်အား မလုံလောက်ခြင်းကြောင့် မျက်စိ ခွဲစိတ်ကုသမှုလုပ်ငန်းကို အဓိကထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မေတ္တာရှင် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင် က ဆိုသည်။
မေတ္တာရှင် ကုသိုလ်ဖြစ် ဆေးရုံကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ကျေးလက်ဒေသနေ ပြည်သူများ ရဲ့ မျက်စိဝေဒနာရှင်များ ရောဂါဝေဒနာ ပျောက်ကင်းစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ဆိုသည်။
" လူနာ လာရင် လာသလိုတော့ ခွဲစိတ်ပေးပါတယ်။ ဆေးရုံမှာ စနေ နဲ့ လပြည့်နေ့ တွေ ပိတ်ပါတယ်။ တစ်လ ၅ ရက် ပိတ်ပြီး ကျန်တဲ့နေ့တွေတော့ နေ့စဉ်ဖွင့်ပါတယ်။ အဲဒီနေ့တွေမှာ စမ်းသပ်စစ်ဆေး ပေးတဲ့ အပြင် ခွဲစိတ်ကုသလူနာများကို တစ်ပတ်ကို ၃ ရက် ၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များမှာ ခွဲစိတ်ကုသပေးလျက် ရှိပါတယ်။ တစ်နှစ်လုံးမှာ မျက်စိလူနာ ၃၅၀၀ ဦးရေ ခွဲစိတ်ကုသပေးမယ် လို့ လျာထားပါတယ်။ အခု ၃၉ ကြိမ်မြောက် ကမ့်ပ် ကာလ မှာတော့ လူနာ ၂၀၀ ကျော် လောက်တော့ ခွဲစိတ်ကုသပေးပြီးပါပြီ။" မေတ္တာရှင် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင် က ဆိုသည်။
၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စမ်းသပ်စစ်ဆေးကုသပေးခဲ့သည့် လူနာပေါင်း (၁၅၀၆၄) ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း (၁၄၂၅) ဦး၊ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စမ်းသပ်စစ်ဆေးကုသပေးခဲ့သည့် လူနာပေါင်း (၁၇၇၃၀) ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း (၂၅၆၉) ဦး၊ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စမ်းသပ်စစ်ဆေးကုသပေးခဲ့သည့် လူနာပေါင်း (၁၆၈၉၁) ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း (၂၆၃၆) ဦး၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စမ်းသပ်စစ်ဆေးကုသပေးခဲ့သည့် လူနာပေါင်း (၇၅၄၁) ဦး၊ ခွဲစိတ်ကုသပေးခဲ့သည့် လူနာပေါင်း (၈၀၂) ဦး၊ ရှိကြောင်း သိရသည်။
ဆရာဝန်ကြီး စမ်းသပ်ခ နှင့် မျက်လုံးအတွင်း ထည့်သော မှန်ဘီလူး၊ ထုံဆေး၊ မျက်စဉ်တစ်ပုလင်း တို့ကို အခမဲ့ ဖြစ်ကြောင်း၊ ဝန်ထမ်းစရိတ် ကာမိစေရန် မျက်စဉ်း မျက်မှန်ဖိုးကိုတော့ ရောင်းချပေးခြင်း ရှိကြောင်း ၊ ဆိုသည်။
မေတ္တာရှင် အသင်း အနေဖြင့် နာမှု ကူညီရေး လုပ်ငန်း ၊ ပညာရေး ဖောင်ဒေးရှင်း၊ သွေးလှူရှင် လုပ်ငန်း ၊ အောက်ဆီဂျင် အိုး ငှားရမ်းခြင်း လုပ်ငန်း တို့လည်း ဆောင်ရွက်ကြောင်း သိရသည်။
လက်ရှိ ကုန်စျေးနှုန်း မြင့်တက်လာချိန်တွင် အလှူငွေများကို ခြိုးခြံချွေတာစွာဖြင့် စက်ပစ္စည်း ပြန်လည် ဖြည့်ဆည်းရေး အတွက်ကိုပဲ ကြိုးစားဆောင်ရွက်နေရကြောင်း၊ စက်ပစ္စည်းများ ပြုပြင်ရန်အတွက် လိုအပ်ချက် ရှိကြောင်း မေတ္တာရှင် အသင်း ဥက္ကဋ္ဌ ဦးညွန့်မောင် က ဆိုသည်။















