မာရက်စကာရဲ့ လျော်ကြေးအတွက် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်း ဆွေးနွေးမှုပြုလုပ်

မာရက်စကာရဲ့ လျော်ကြေးအတွက် မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်း ဆွေးနွေးမှုပြုလုပ်
Photo: X
Photo: X
Published 5 June 2026

မန်စီးတီးအသင်းဟာ ဂွါဒီယိုလာရဲ့ နေရာမှာ အစားထိုးဖို့ ပြင်ဆင်မှုပြုလုပ်လျက်ရှိပြီး မာရက်စကာရဲ့ လျော်ကြေးအတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။

မာရက်စကာ (၄၆ နှစ်) ဟာ မန်စီးတီးလူငယ်အသင်းနည်းပြဟောင်းဖြစ်သလို သမိုင်းဝင် ဖလားသုံးလုံးအောင်မြင်မှုရရှိတဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူပါ။

မန်စီးတီးအသင်းကို ဆယ်စုနှစ်တစ်ခုကြာ တာဝန်ယူခဲ့သူ ဂွါဒီယိုလာဟာ ရာသီကုန်မှာ လမ်းခွဲခဲ့တာကြောင့် ၎င်းနေရာမှာ မာရက်စကာနဲ့ အစားထိုးဖို့ ဆွေးနွေးမှုများပြုလုပ်နေခြင်းဖြစ်ပါတယ်။

မာရက်စကာဟာ လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို ပို့ဆောင်ပေးခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နွေရာသီမှာ ချယ်လ်ဆီးအသင်းကို ငါးနှစ်စာချုပ် (တစ်နှစ်ထပ်တိုးခွင့်ရှိတဲ့အချက်ပါဝင်)နဲ့ ကိုင်တွယ်ခွင့်ရခဲ့သူပါ။

ဒါပေမဲ့ တစ်နှစ်ခွဲအကြာ အခုနှစ် ဇန်နဝါရီ ၁ ရက်မှာ အသင်းပိုင်ရှင်တွေနဲ့ အဆင်မပြေတာကြောင့် ရာထူးက နုတ်ထွက်ခဲ့တာပါ။

၎င်းရဲ့စာချုပ်က သုံးနှစ်ခွဲကျန်ရှိနေတာကြောင့် မန်စီးတီးအသင်းက ခန့်အပ်မယ်ဆိုရင် ချယ်လ်ဆီးအသင်းကို လျော်ကြေးပေးချေရမယ်လို့ သိရပါတယ်။

မာရက်စကာဘက်က တောင်းဆိုထားတဲ့ သုံးနှစ်စာချုပ်အတွက် သဘောတူညီမှု မရသေးပေမဲ့ စာချုပ်သက်တမ်း၊ နည်းပြအဖွဲ့ခန့်အပ်မှု၊ လစာ စတဲ့ ကိစ္စရပ်တွေအတွက် ဆွေးနွေးမှုကတော့ အခုတစ်ပတ်အတွင်း သဘောတူညီမှုရဖွယ်ရှိနေပါတယ်။

Most Read

Most Recent