ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တချို့က အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်ကို တိုက်တွန်းနေကြောင်း သတင်းထွက်လာပါတယ်။
အင်္ဂလန်လက်ရွေးစင်ကစားသမား ဒက်ကလန်ရိုက်စ်(၂၇ နှစ်)က ၂၀၂၅-၂၆ ရာသီမှာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့ပြီး Ballon d'Or ဆုအတွက် ရေပန်းစားတဲ့စာရင်းထဲမှာတောင် ပါဝင်နေပါတယ်။
ဒါကြောင့် ကမ္ဘာတစ်လွှားက ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ ရီးယဲလ်အသင်းက စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက နည်းပြဟောင်း မော်ရင်ဟိုနဲ့လည်း ပြန်လည်လက်တွဲဖို့ စီစဉ်ထားပြီး လာမယ့်ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ ပီရက်ဇ် အနိုင်ရပြီး ဆက်ရှိခဲ့ရင် အခု နွေရာသီမှာ အကြီးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးခံနေရပါတယ်။
ဒက်ကလန်ရိုက်စ်က ၂၀၂၃ နွေရာသီမှာ ဝက်စ်ဟမ်းကနေ ပေါင်(၁၀၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
အာဆင်နယ်အသင်းက ဒက်ကလန်ရိုက်စ်ကို သက်တမ်းတိုးဖို့ စီစဉ်နေပြီး ရောင်းထုတ်ဖို့ အစီအစဉ်မရှိတာကြောင့် ရီးယဲလ်အသင်းအနေနဲ့ ခေါ်ယူနိုင်မှာမဟုတ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိအချိန်မှာ တစ်ပတ်ပေါင်(၂၄၀၀၀၀)ရရှိနေတဲ့ ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်အသင်းက လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။















