ရှမ်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များကို ဒေသတွင်း အထူးအခွန်နှုန်းထား သို့မဟုတ် မှတ်ပုံတင်သတ်မှတ်ချက် တစ်ခုခုဖြင့် သတ်မှတ်ကာလတစ်ခုအတွင်း တရားဝင် လိုင်စင်ပြုလုပ်ပေးရေး လိုင်စင်ပြုလုပ်ပေး၍မရကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခွန်သန်းထူးက ပြောကြားသည်။
ဇွန် ၉ ရက်က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး တွင် ရပ်စောက်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့်က မေးခွန်းမေးမြန်းမှုအပေါ် ပြည်နယ်ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့်က W(without) ဆိုင်ကယ်၊ ကားများ ဖမ်းဆီးခြင်းကြောင့် ပြည်သူလူထု နစ်နာဆုံးရှုံးမှု မရှိစေဘဲ၊ သက်ညှာသော ဒေသတွင်း အထူးအခွန်နှုန်းထား၊ မှတ်ပုံတင်ကြေး သတ်မှတ်ချက် တစ်ခုဖြင့် သတ်မှတ်ကာလ တစ်ခု ဖြင့် တရားဝင်လိုင်စင် ပြုလုပ်ပေးခြင်းဖြင့် ပြည်သူလူထု စိုးရိမ်ပူပန်ကင်းစွာ လုပ်ကိုင် စားသောက်ခြင်း၊ အခွန်ဘဏ္ဍာငွေ ရရှိခြင်း၊ ဒေသတွင်း တရားဥပဒေ စိုးမိုးရေး ၊ လုံခြုံရေးတို့ကို ပိုမို ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။
"ဒါကို အစထဲက Centralize နဲ့ DeCentralize ခွဲခြားတတ်ဖို့ရယ်။ ပြီးခဲ့တဲ့ ပြည်ထောင်စုအစိုးရမှာ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ခွင့်ပြုပြီးတော့ ပြည်ထောင်စုက ကြီးကြပ်ပေးရန်ပါတာလေးကို အခြေခံပြီးတော့ ကျွန်တော်တို့ ပြည်နယ်ကနေ အခြေခံတဲ့ ဒီလိုကိစ္စရပ်တွေကို ကားနဲ့ လိုင်စင်နဲ့ပတ်သက်တဲ့ကိစ္စတွေရဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေဟာ သေသေချာချာ စိစစ်တွေ့ဆုံပြီး လိုင်စင် ရရှိရေး၊ စျေးနှုန်းကျဆင်းရေး၊ ပြီးခဲ့တဲ့ အပတ်ကလည်း တာချီလိတ်က ဦးကျော်ငြိမ်းအောင် တင်ပြထားတာရှိတယ်။ စျေးနှုန်းကျသွားတယ်ဆိုရင် တဖြေးဖြေးပပျောက်သွားမှာဖြစ်ပါတယ်။ လိုင်စင်ရရေး၊ မရရင် ပပျောက်ရေး ဒါကို ရည်ရွယ်ပြီးတော့ စနစ်တကျ တည်ဆောက်ပြီး အဆိုတင်ဖို့ပါပဲ၊ ဒါပေမယ့် ကိုယ့်ပြည်နယ်ဂုဏ်ရှိအောင် အစိုးရမှာလည်း ဟန်ချက်မပျက်အောင် လွှတ်တော် ကိုယ်စားလှယ်တွေ မေးတတ်တယ်။ ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို အဆင်ပြေစေဖို့မေးခွန်းကို မေးရခြင်း ဖြစ်ပါတယ်"ဟု ရပ်စောက်မြို့နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွှန့်က ပြောကြားသည်။
ထိုသို့ မေးခွန်းမေးမြန်းမှုအပေါ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ခွန်သန်းထူးက သတ်မှတ်လိုင်စင်ပြုလုပ်ရန် လိုအပ်သောအထောက်အထားများရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်းလမ်းပို့ဆောင်မှု ဝန်ကြီးဌာနအနေဖြင့် အထက်ပါ ဖော်ပြပါ အထောက်အထားများပါရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုသာ လိုင်စင်ဆောင်ရွက်ခွင့် ရှိသောကြောင့် ရှမ်းပြည်နယ်တွင်း
ရောက်ရှိနေသော တရားမဝင် မှတ်ပုံတင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဆောင်ရွက်ပေး၌ မရပါကြောင်း ရှင်းလင်းဖြေကြားသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မကြာခင် အဆိုတစ်ရပ်အနေဖြင့် တင်သွင်းသွားမည် ဖြစ်ကာ ၊ မည်သူ့တွင် တာဝန်ရှိသနည်းဆိုသည့် ကိစ္စရပ်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ပြည်ထောင်စုကို မေးမြန်း၍ အဆင့်ဆင့် ဖြေရှင်းပေးလိမ့်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ယုံကြည်မှုနှင့် အတူ ၊ အောက်ခြေမှ ဆက်လက်ဆောင်ရွက်မည်ဆိုပါက အောင်မြင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။















