■ အသည်းရောင်ရောဂါကုသရေး ဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး‌ ပြောကြား

■ အသည်းရောင်ရောဂါကုသရေး ဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး‌ ပြောကြား
Published 1 May 2026

အသည်းရောင်ရောဂါကုသရေး ဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေး ဆောင်ရွက်လျက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

 ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E Mr. Pattana Promphat ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊  Eastin Grand Hotel Phayathai တွင် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပသည့် ၂၀၂၆ခုနှစ် ကမ္ဘာ့ အသည်းရောင်ရောဂါဆိုင်ရာညီလာခံသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်သည်။

ညီလာခံသို့ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကျန်းမာရေး အတွင်းဝန်များ၊ ကျန်းမာရေးအဆင့်မြင့်အရာရှိကြီးများ၊ World Hepatitis Alliance မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ် ဒေသဆိုင်ရာရုံးမှ ဒေသဆိုင်ရာညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော အသည်းအထူးကု ဆေးပညာရှင်များ၊ ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး  ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် Elimination for Everyone, Everywhere, Right Now“ ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သော ယနေ့အခမ်းအနားသည်  အသည်းရောင်ရောဂါတိုက်ဖျက်ရေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျ မကျန်ရစ်စေရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်ချက်များနှင့်လည်း များစွာ တူညီမှုရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ အသည်းရောင်ရောဂါ ကင်းဝေးရေး ပန်းတိုင် ရရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ သန္နိဌာန်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်များ အားကောင်းလာစေရေးနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage-UHC) ရရှိစေရေး အခြေခံ လိုအပ်ချက်ဖြစ်သည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အသည်းရောင်ရောဂါ ကာကွယ်၊ ကုသမှု လုပ်ငန်းများတွင် အောင်မြင်တိုးတက်မှုများအနေဖြင့် အခမဲ့ အသည်းရောင်ရောဂါ စီပိုး ကုသမှုကို ၂၀၂၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံ (၃၆)ရုံအထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူလူထုနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း၊  အသည်းရောင်ရောဂါ ဘီ ကာကွယ်ဆေးကို အမျိုးသား ကာကွယ်ဆေးထိုး လုပ်ငန်းအစီအစဉ်တွင် ထည့်သွင်းထားပြီး မွေးကင်းစကလေးငယ်တိုင်း အားလုံးကိုလည်း မွေးပြီးပြီးချင်း ထိုးနှံပေးလျက်ရှိကြောင်း၊ အမျိုးသားသွေးလှူဘဏ်နှင့် နိုင်ငံတစ်ဝန်းရှိ သွေးလှူ ဘဏ်များအားလုံးတွင်လည်း  ၂၀၁၂ ခုနှစ်မှစတင်၍ လုံခြုံစိတ်ချရသည့် သွေးလှူဒါန်း ခြင်းဆိုင်ရာအစီအစဉ်ကို  စနစ်တကျ ဆောင်ရွက်နိုင်ခဲ့ပြီး  အသည်းရောင်ရောဂါ ဘီ ရောဂါဖြစ်ပွားမှုနှုန်းနှင့် အသည်းရောင်ရောဂါ  စီ ဖြစ်ပွားမှုနှုန်းများ တစ်နှစ်ထက်တစ်နှစ် သိသိသာသာကျ ဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ အသည်းရောင်ရောဂါကုသရေး ဆေးဝါးများ ပြည်တွင်း၌ ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိပြီး မိခင်မှ ကလေးသို့ အသည်းရောင်ရောဂါများ မကူးစက်နိုင်ရေး ကာကွယ်ရေးနှင့် ပြည်သူဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ် နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ အသည်းရောင်ရောဂါကာကွယ် ကုသ ရေး လုပ်ငန်းများ လူတိုင်းလက်လှမ်းမီစေရေး အသည်းရောင်ရောဂါဆိုင်ရာ အမျိုးသား မဟာ ဗျူဟာ စီမံကိန်းချမှတ်ပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ အသည်းရောဂါ ဖောင်ဒေးရှင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ရောဂါကာကွယ်ကုသရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ညီလာခံမှတဆင့် တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများအားလုံး အသည်းရောင်ရောဂါ ကာကွယ် ကုသရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး တိုက်တွန်းလို ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E Mr. Pattana Promphat နှင့် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင်ဆောင်ရွက်နိုင်ရေး သီးခြားတွေ့ဆုံဆွေးနွေးသည်။

 တွေ့ဆုံဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားများ၏ မျှော်မှန်းလူ့သက်တမ်းတိုးမြှင့်လာစေရေး၊  ပြည်သူများအတွက် တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး မူဝါဒများချမှတ်၍  ထိရောက်စွာအကောင် အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ နယ်စပ်ဒေသ ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ထားဝယ် ဆေးရုံအဆင့်မြှင့်တင်ရေး စီမံကိန်းနှင့် ဆရာဝန်၊ သူနာပြုများအား လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ပို့ချနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် အဆင့်မြှင့်တင်ရေး နှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage- UHC) ပန်းတိုင်ရရှိရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး ၊  နှစ်နိုင်ငံကျန်းမာရေး ကဏ္ဍတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များအား  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

Most Read

Most Recent