မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်ပြီး ဓါးဖြင့်ခုတ်ကာလုသည့်အဖွဲ့နှင့် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရန်ပြုလုယက်သူများအပါအ၀င် လက်ခံပုံဖျက်ရောင်းချပေးသူများပါ ဖမ်းဆီးရမိ

မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်ပြီး ဓါးဖြင့်ခုတ်ကာလုသည့်အဖွဲ့နှင့် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရန်ပြုလုယက်သူများအပါအ၀င် လက်ခံပုံဖျက်ရောင်းချပေးသူများပါ ဖမ်းဆီးရမိ
Published 11 June 2026

မန္တလေးမြို့တွင် မီနီအိုးဝေမောင်းနှင်ပြီး ဓါးဖြင့်ခုတ်ကာလုသည့်အဖွဲ့နှင့် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လုယက်သူများအပါအ၀င် လက်ခံပုံဖျက်ရောင်းချပေးသူသူများပါ ဖမ်းဆီးရမိထား​ကြောင်း တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဇွန်လ၈ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁ လမ်းနှင့်၁၂၃ လမ်းအနီးဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မောင်နှင်းလာသူ အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး ဆိုင်ကယ်လုယက်ပြီးထွက်ပြေးသွားသည့် ကျူးလွန်သူလေးဦးကို ဇွန်လ၉ရက်နေ့ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူများမှာ အသက်၁၉နှစ်မှ ၂၀ အရွယ်လူငယ်များဖြစ်​ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

၎င်းတို့လေးဦးအားစစ်ဆေးခဲ့ရာ ကျူးလွန်ထားသည့်ဆိုင်ကယ်လုယက်မှုများလည်း ထပ်မံပေါ်ပေါက်ခဲ့ပြီး ဆိုင်ကယ်များကို လက်ခံပြီးပုံဖျက်ကာ တဆင့်ပြန်လည်ရောင်းချပေးသူများဖြစ်သည့် စဥ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ၀ပ်ရှော့လုပ်ကိုင်သူနှင့် ဆိုင်ကယ်ပွဲစားဖြစ်သူ နှစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဇွန်လ ၂ရက်နေ့က ဖြစ်ပွားခဲ့သည့် ရွှေစာရံဘုရားအပြန်လမ်းတွင် ဆိုင်ကယ်မောင်းနှင်လာသူစုံတွဲအား မီနီအိုးဝေမောင်းနှင်လာသူ သုံးဦးက ဓါးဖြင့်ခုတ်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ရာ ကျူးလွန်သူများကိုလည်း ဖမ်းမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့တွင် အမျိုးသမီးတစ်ဦးတည်းမောင်းနှင်လာသည့်ဆိုင်ကယ်ကို အဆိုပါမီးနီအိုးဝေစီးနှင်လာသူသုံးဦးမှ လုယက်ပြီး မန္တလေးသို့ပြန်လာစဥ် ၁၆မိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီးရမိခြင်းဖြစ်ကာ ဇွန်လ၂ရက်နေ့က ရွှေစာရံဘုရားအပြန်လမ်းတွင် ကျုးလွန်ခဲ့သူများလည်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

" မီနီအိုးဝေနဲ့ဆိုင်ကယ်တွေလိုက်လုတဲ့အဖွဲ့က ပြင်ဦးလွင်မှာလည်း ဆိုင်ကယ်လုပြီးအပြန် ၁၆မိုင်ဂိတ်မှာမိတာ။ ရွှေစာရံဘုရားအပြန်လမ်းမှာ လုခံရတဲ့ဖြစ်စဥ်က ကျူးလွန်သူတွေနဲ့အတူတူပဲ။ နောက်တစ်ဖွဲ့ဆိုင်ကယ်တွေနဲ့ လိုက်လုတဲ့သူတွေကလည်း လတ်တလောစစ်ဆေးပေါ်ပေါက်ချက်အရ ဘယ်နှစ်စီးမှန်း အတည်မ​ပြုနိုင်သေးဘူး။ သူတို့က လုပြီးပြီးချင်း စစ်ကိုင်းဘက်ကpdfရွာတွေဘက်သွားရောင်းတာတို့လုပ်တော့ သက်သေခံပစ္စည်းသိမ်းရမယ့်လုပ်ငန်းစဥ်တွေလည်း ရှိသေးတယ်။ သူတို့လုလာသမျှ လက်ခံပုံဖျက်ရောင်း၀ယ်ပေးသူတွေကိုလည်း ဖမ်းဆီးရမိထားပြီးဖြစ်တာကာကြောင့် အားလုံး အရေးယူဆောင်ရွက်သွားမှာပါ" ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။

မီနီအိုးဝေဖြင့်လုယက်မှုကျူးလွန်သူများကို ၎င်းတို့ကျူးလွန်ခဲ့ရာ ပြင်ဦးလွင်မြို့နယ်နှင့် အမရပူရမြို့နယ်ရှိ ရဲစခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent