မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး မြို့လယ်လမ်းဆုံနေရာများ၌ အုပ်စုဖွဲ့ တောင်းရမ်းစားသောက် သူများအား သက်ဆိုင်ရာမှ ဇွန် ၁၁ ရက်က နယ်နှင်အပြစ်ပေးကာ မိမိနေရပ်သို့ မော်တော်ယာဉ်များဖြင့် အခမဲ့တာဝန်ယူပို့ဆောင် ပေးလိုက်ကြောင်း သိရသည်။
မြဝတီမြို့ ဘုရားကြီး မီးပွိုင့်လမ်းဆုံ၊ ဘုရင့်နောင် စျေးကြီး မီးပွိုင့် လမ်ဆုံနှင့် စျေးအတွင်း ရပ်ကွက်အတွင်း တောင်းရမ်းစားသောက်သူများအား သက်ဆိုင်ရာမှ အမှတ်(၄) ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ ခေါ်ယူစစ်ဆေးရာ ၎င်းတို့မှာ မြဝတီမြို့ခံများမဟုတ်ကြပဲ အနယ်နယ်အရပ်ရပ်မှ လာရောက် တောင်းရမ်းစားသောက်သူများဖြစ်ကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည်နှင့်အညီ နိုင်ငံခြားခရီးသွားဧည့်သည်များ၊ ပြည်တွင် ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုရှိပြီး မြဝတီမြို့ ပုံရိပ်ကိုထိခိုက်စေသည့်အတွက် နယ်နှင်ပြစ်ဒဏ်အဖြစ် ၎င်းတို့နေထိုင်ရာမြို့များသို့ အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ်စည်ပင်သာယာရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဝင်းဦးကပြောသည်။
"မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကို ခံယူပြီး ယခုလိုလုပ်ဆောင်ရတာပါ။ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ထိ စုစုပေါင်း ၁၆ ယောက်ပေါ့။ သူတို့ ဌားရမ်းနေထိုင်တဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ ခေါ်ပြောထားပါတယ်။ သူတို့အားလုံးကို ခံဝန်လက်မှတ်များထိုးစေပြီး သူတို့နေထိုင်တဲ့ မြို့ရွာအထိ အခမဲ့ ပြန်ပို့ပေးမှာပါ" ဟု မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလင်းဦးက ပြောသည်။
မြဝတီမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြဝတီခရိုင်ရဲတပ်ဖွဲ့၊ လူမှူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာနနှင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါခေါ်ယူ စစ်ဆေးပြီး နယ်နှင်ပြစ်ဒဏ်ပေးကာ ၎င်းတို့၏ နေရပ်သို့ ပို့ဆောင်ပေးသည့် တောင်းရမ်းစားသောက်သူ ၁၆ ဦးရှိကြောင်း၊ အများစုမှာ စစ်ကိုင်းနှင့် ရန်ကုန်ဘက်မှ လာရောက်ပြီး အိမ်ခန်းငှား နေထိုင်ကာ လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာများ၌ အုပ်စုဖွဲ့ တောင်းရမ်းစားသောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။















