ထိုင်းနိုင်ငံ၌ လူသတ်အလောင်းဖျောက်မှု ကျူးလွန်ကာ ထွက်ပြေးခဲ့သူအား ဟင်္သာတမြို့၌ပင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်

ထိုင်းနိုင်ငံ၌ လူသတ်အလောင်းဖျောက်မှု ကျူးလွန်ကာ ထွက်ပြေးခဲ့သူအား ဟင်္သာတမြို့၌ပင် အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်
Published 17 June 2026
အောင်ကျော်မျိုး

  ထိုင်းနိုင်ငံ၌ လူသတ်အလောင်းဖျောက်မှုကျူးလွန်ကာ ထွက်ပြေးခဲ့သူအဖြစ် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသားအား ဖမ်းမိခဲ့သည့် ဟင်္သာတမြို့၌ပင် အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်မှုစတင်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

           လက်ရှိတွင် ကနဦးစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ဟင်္သာတမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ (၃၀၂)ဖြင့် စတင်အမှုဖွင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

            “ဖမ်းဆီးရမိပြီးနောက် အထက်ကိုတင်ပြ ခဲ့ပါတယ်။ ဥပဒေမှာပြဌာန်းချက်က ပြည်ပမှာကျူးလွန်ပေမယ့် မြန်မာနိုင်ငံက ဥပဒေနဲ့အရေးယူဖို့ ထိုက်သင့်တယ်ဆိုရင် ဒီမှာပဲ အရေးယူလို့ရပါတယ်။ ဒီမှာပဲ တရားစီရင်လို့ရပါတယ်။ အထက်ညွှန်ကြားချက်လည်းရပြီဖြစ်တဲ့အတွက် ဟင်္သာတမြို့မရဲစခန်းမှာပဲ အမှုဖွင့်လိုက်ပါပြီ။ ရာဇသတ်ကြီးပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်ပြီး ဆက်လက်ဆောင်ရွက်နေပါပြီ”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ဖြေကြားသည်။

        ကနဦးစစ်ဆေးတွေ့ရှိချက်အား ဆက်လက်မေးမြန်းခဲ့ရာ “ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမှုတွေလုပ်ပါတယ်။ တကယ်ကျူးလွန်ခဲ့တာ မှန်လား၊ မမှန်လား စစ်ဆေးတာပေါ့။ သူကလည်း ဝန်ခံပါတယ်။ သူ့ဇနီးကို သတ်ခဲ့တာပါ”ဟု  ရဲတပ်ဖွဲ့တာဝန်ရှိသူက ဖြေကြားသည်။

           ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသူမှာအသက်(၃၆) နှစ်အရွယ် အမျိုးသားဖြစ်ပြီး  ထိုင်းနိုင်ငံ၌ လူသတ်အလောင်းဖျောက်မှု ကျူးလွန်ကာ ထွက်ပြေးလာသူ သံသယတရားခံအဖြစ် ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဟင်္သာတမြို့နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

           ထိုင်းနိုင်ငံ၊ ဒင်းဒန်ခရိုင်၊ ရာချ်ပရာရော့လမ်းရှိ နေအိမ်အဆောင်တစ်ခုတွင် အသက် (၃၄)နှစ်အရွယ်ခန့်ရှိ မြန်မာအမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအပိုင်းအစများအား ပလပ်စတစ် ပုံးအတွင်း ထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းအမှု၏ သက်သေခံအထောက်အထားများအရ ပြစ်မှုကျူးလွန်သူ တရားခံမှာ အသက်(၃၅)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသား အောင်ပေ (Aung Pe)ဖြစ်ကြောင်း အတည်ပြုကာ ဖမ်းဝရမ်းအမှတ် 3342/ 2569 ဖြင့် လဝကနှင့် ပူးပေါင်း၍ ဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြချက် ဦးစွာထွက်ပေါ်ခဲ့သည်ဟု သိရသည်။ဟင်္သာတမြို့ဆုံစည်းရာ Facebook လူမှုကွန်ယက်စာမျက်နှာ၌ ၂၀၂၆ ဇွန်လ (၁၂)ရက်နေ့တွင် Ko Aent Gyi အကောင့်ဖြင့် ယင်းကဲ့သို့ သတင်းဖော်ပြမှုပါရှိပြီးနောက် ဆက်စပ်စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက အတည်ပြုဖြေကြားသည်။

            ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ ဇွန်လ(၁၃)ရက်နေ့ နံနက် (၇)နာရီ (၄၅)မိနစ်ခန့်အချိန်တွင် ဟင်္သာတမြို့ရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များနှင့် မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ အောင်ပြည့်၏ နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အောင်ပြည့် (၃၆)နှစ်၊ (ဘ) ဦးသိန်းထွဋ်စိုး၊ ၁၄/ဟသတ(နိုင်)၂၄၂၅၃၅၊ ဗမာ/ ဗုဒ္ဓ၊ စားဖိုမှူး(ဂျာရီး Bar ဆိုင်)အား နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် ရဲစခန်းသို့ ထိန်းသိမ်းခေါ်ဆောင်ကာ ရဲလုပ်ထုံးလုပ်နည်းများနှင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent