ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးပြည်နယ်ဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်မှ ခွဲထွက်ရေးဝါဒီများက ဘာလိုချီစတန်ပြည်နယ်သည် ပါကစ္စတန်မှ ခွဲထွက်ပြီး လွတ်လပ်ရေးရရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်ဟု Firstpost သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ လွတ်လပ်ရေးကြေညာချက်ကို ဘာလိုချီစတန်ပြည်နယ်၏ ကိုယ်စားလှယ်ဟု ကြေညာထားသည့် မီယာ ဘာလို့ချ်က ဇူလိုင် ၁၅ ရက်တွင် X လူမှုမီဒီယာပေါ်တွင် တင်ခဲ့ခြင်းဖြစ်သည်။
ထိုကြေညာချက်တွင် ဘာလိုချီစတန်သမ္မတနိုင်ငံ၏ ကာကွယ်ရေးတပ်ဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ဘာလိုချီစတန်ပြည်နယ်၏ နယ်နိမိတ် ၈၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသတွင်းရှိ ရွှေနှင့် ကြေးနီသတ္တုတွင်းများ၊ သဘာဝဓာတ်ငွေ့သိုက်များနှင့် ကျောက်မီးသွေးတွင်းများ အပါအဝင် အဓိက သဘာဝသယံဇာတများကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ထို့ပြင် ဘာလိုချီစတန်သည် Ma Chukain Balochani အမည်ရှိ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ နိုင်ငံတော်အလံနှင့် Balochi Falus ဟုခေါ်သော ကိုယ်ပိုင်ငွေကြေးကို ထူထောင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ပါကစ္စတန်စစ်တပ်နှင့် လုံခြုံအေဂျင်စီများမှ တပ်ဖွဲ့ဝင်များသည်လည်း ဘာလို့ချ်လှုပ်ရှားမှုကို ပူးပေါင်းဝင်ရောက်ခဲ့ကြောင်း၊ မိမိတို့တွင် တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ တင့်ကားများ၊ ဒုံးကျည်များနှင့် လက်နက်ကြီးများ မရှိသော်လည်း နယ်မြေကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင် ၅၀၀၀၀၀ ခန့်အင်အားရှိသည့် ဘာလိုချီစတန် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များနှင့် အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၆ ခုနှစ်မကုန်မီ ပါကစ္စတန် ကျူးကျော်တပ်ဖွဲ့များကို ဖြုတ်ချသွားရန် အသင့်ရှိနေကြောင်းလည်း ဖော်ပြခဲ့သည်။
သို့သော် အဆိုပါ လွတ်လပ်ရေးကြေညာချက်ကို ပါကစ္စတန်အစိုးရ၊ ကုလသမဂ္ဂနှင့် မည်သည့်အစိုးရကမျှ အသိအမှတ်မပြုခဲ့ဘဲ ပါကစ္စတန်သည် ဘာလိုချီစတန်ပြည်နယ်ကို ဆက်လက်အုပ်ချုပ်ထားဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။
Ref: Firstpost















