ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇူလိုင်လ တတိယပတ်ကုန်တွင် ဝယ်လက်များပြားပြီး ကုန်ဝင်နည်းပါး၍ စျေးနှုန်းထပ်မံမြင့်တက်လာရာ တစ်ပိဿ ကျပ် ၅၀၀၀ ကျော် ထိရောက်ရှိလာကြောင်း သိရသည်။
ယခုလ ဇူလိုင်လဆန်းပိုင်းတွင် ၄၀၀၀ ကျပ် ၊ လလယ်ပိုင်းတွင် ၄၅၀၀ ပေါက်စျေးရှိပြီး ယခုဇူလိုင်လ ၂၀ ရက်နေ့တွင် ကြက်သွန်နီတစ်ပိဿ ကျပ် ၅၂၀၀ ထိရောက်ရှိလာကြောင်း သိရသည်။
` အဝယ်ရှိသလောက် ကုန်ဝင်က နည်းတယ်။ တစ်ချို့ရက်တွေဆို ပိဿချိန် ၁သောင်းအောက်ပဲ ဝင်တယ်။ လှောင်သမားတွေလည်း စျေးရတော့ ထုတ်ရောင်းနေကြတယ်။ တစ်ပိဿ ၅၀၀၀ ကျော်ဆိုတာ အရင်နှစ်တွေက တစ်ကြိမ်မှ မရောက်ဖူးဘူး။ ဒီနှစ် ကြက်သွန်စိုက်နယ်အားလုံးအထွက်လျော့တော့ ကုန်ဝင်နည်း အဝယ်သမားက စျေးပေးဝယ်တော့ စျေးတက်ကုန်တယ် ´ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်သူတဝ်ဦးက ပြောသည်။
ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပိဿချိန် ၂ သောင်းကျော် ဝင်ရောက်သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၃၃၀၀ - ၃၈၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၃၉၀၀ - ၄၆၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၄၇၀၀ - ၅၂၀၀ ကျပ်ပေါက်စျေးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ကြက်သွန်နီတစ်ပိဿ ၁၅၀၀ ကျပ်ထိသာ ရောင်းဝယ်ခဲ့ပြီး ယခုနှစ်ရာသီစတင်ချိန်တွင် တစ်ပိဿ ၁၆၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။















