■ ဂျပန်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၉ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်

■ ဂျပန်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၉ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်
Published 25 June 2026

ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းတွင် ဇွန် ၂၅ ရက်က ရစ်ချ်တာစကေး ၆ ဒသမ ၉ ပြင်းအားရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရမှု သတင်းများ ချက်ချင်းမရရှိသေးကြောင်းနှင့် နျူကလီးယားစက်ရုံများတွင်လည်း ပုံမှန်မဟုတ်သည့် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သက်ဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် တိုဟိုကုဒေသတွင် လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ စုဆောင်းရန် အရေးပေါ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း အဆင်သင့်ရှိနေကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် မီနိုရု ကီဟာရာက သတင်းထောက်များကို ပြောကြားခဲ့သည်။

အနက် ၅၀ ကီလိုမီတာ (၃၀ မိုင်) ခန့်ရှိသော အဆိုပါ ငလျင်၏ ဗဟိုချက်သည် အီဝါတဲပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အနည်းငယ် ပြောင်းလဲမှုမှလွဲ၍ ဆူနာမီဖြစ်ပွားနိုင်ခြေ မရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။

တိုဟိုကု လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီက ၎င်းတို့၏ အိုနာဂါဝါနျူကလီးယားစက်ရုံနှင့် လက်ရှိရပ်နားထားသော ဟီဂါရှီဒိုရီ နျူကလီးယားစက်ရုံတို့တွင် ပုံမှန်မဟုတ်သော ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အနီးနားရှိ တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီနှင့် အခြားကုမ္ပဏီများ၏ နျူကလီးယား အဆောက်အအုံများတွင်လည်း ပုံမှန်မဟုတ်သည့် ဖြစ်စဉ်များ မရှိကြောင်း နျူကလီးယား စည်းကမ်းထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။



#elevennews #ဂျပန် # ငလျင်လှုပ်

 

Most Read

Most Recent