ပနားမားနိုင်ငံတွင် အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်မှုများ မြင့်တက်လာပြီးနောက် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအတွက် လုံခြုံရေးအမြင့်ဆုံး အကျဉ်းထောင်တစ်ခု ဆောက်လုပ်ရန် အမိန့်ပေးထားကြောင်း ပနားမားသမ္မတ ဟိုဆေး ရာအူးလ် မူလီနိုက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ကတည်းက လူပေါင်း ၉၂၀၀၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး လမ်းပေါ်မှ လူမိုက်ဂိုဏ်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းနေသည့် အယ်ဆာဗေးဒိုးသမ္မတ နာယစ် ဘွတ်ကီလီ၏ အကျဉ်းထောင်ဆောက်လုပ်ရေးပုံစံကို လက်တင်အမေရိကနိုင်ငံ အများအပြားက အတုယူလုပ်ဆောင်ရန် ကြိုးပမ်းလာကြသည်။
သမ္မတ မူလီနိုက ဘွတ်ကီလီ၏ မူဝါဒများကို ထည့်သွင်းပြောကြားခြင်း မရှိသော်လည်း ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များအနေဖြင့် ထောင်တွင်းမှနေပြီး ဂိုဏ်းများကို ဆက်လက်ညွှန်ကြားနေခြင်းကို တားဆီးရန် အကျဉ်းထောင်စည်းကမ်းများကို ပိုမိုတင်းကျပ်သွားမည်ဟု ဆိုသည်။
ပနားမားနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများနှင့် လူသတ်မှုအများစုမှာ အဆိုပါရာဇဝတ်ဂိုဏ်းများကြောင့်ဖြစ်ကြောင်း မူလီနိုက ပြစ်တင်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ လုံခြုံရေးအဆင့်မြင့်ဆုံး အကျဉ်းထောင်တစ်ခု ဆောက်လုပ်သွားမှာဖြစ်ပြီး အကျဉ်းထောင်ထဲမှာ ပြစ်မှုကျူးလွန်သူတွေအတွက် အကျဉ်းဦးစီးဌာနရဲ့ စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်သွားမှာပါ။ ကျွန်တော်တို့ဟာ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တွေကို အပြင်နဲ့ လုံးဝအဆက်အသွယ်ဖြတ်ပြီး သီးသန့်ခွဲထားမယ့် ပိုမိုပြင်းထန်တဲ့ အစီအမံတစ်ခုကို အကောင်အထည်ဖော်သွားမှာပါ” ဟု မူလီနိုက လွှတ်တော်တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လက ပနားမားစီးတီးမြို့ပြင်ရှိ လာဟိုရီတာ အကျဉ်းထောင်မှ အကျဉ်းသား ၂၀၀ နီးပါး ထွက်ပြေးလွတ်မြောက်ခဲ့မှုနှင့် ရာဇဝတ်သမားများက ဖခင်ဖြစ်သူကို လာရောက်တိုက်ခိုက်ချိန် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရမှုတို့ကြောင့် ပြည်သူများကြား ဒေါသတကြီး မကျေမနပ်ဖြစ်နေချိန်တွင် သမ္မတ မူလီနိုက ယခုကဲ့သို့ အစီအမံများကို ကြေညာခဲ့ခြင်းဖြစ်သည်။ ထွက်ပြေးသွားသည့် အကျဉ်းသားအများစုကိုမူ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
“ကျွန်တော်တို့နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လူဆိုးဂိုဏ်းတွေအနေနဲ့ ဆက်ပြီး ငွေညှစ်တာ၊ လူသတ်တာ၊ လုယက်တာနဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူးတာတွေ မလုပ်နိုင်တော့ဘူးဆိုရင် အကျဉ်းထောင်တွေမှာ လူဦးရေမတန်တဆ ထည့်သွင်းထားတယ်လို့ စွပ်စွဲကြမယ်ဆိုရင်လည်း ကျွန်တော် ခံယူဖို့အသင့်ပါပဲ" ဟု မူလီနိုက ပြောကြားခဲ့သည်။
အီကွေဒေါနှင့် ကိုစတာရီကာနိုင်ငံတို့သည်လည်း လက်ရှိတွင် အယ်ဆာဗေးဒိုးနိုင်ငံ၏ နာမည်ဆိုးဖြင့်ကျော်ကြားသော အကြမ်းဖက်မှုနှိမ်နင်းရေးဗဟိုအကျဉ်းထောင် (CECOT) ပုံစံအတိုင်း အကျဉ်းထောင်များကို ဆောက်လုပ်နေကြသည်။
အဆိုပါအကျဉ်းထောင်တွင် အကျဉ်းသားများသည် တင်းကျပ်လှသော စည်းကမ်းများကို လိုက်နာကြရပြီး အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များကမူ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချပြစ်တင်ထားကြသည်။
"အကျဉ်းသားတွေဟာ အပန်းဖြေစခန်းတွေနဲ့ တူနေတဲ့ အကျဉ်းထောင်တွေထဲမှာ ဧည့်သည်တွေလိုမျိုး ဆက်ပြီး နေထိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ကျွန်တော်က လူ့အခွင့်အရေးမူဝါဒကို ထောက်ခံပါတယ်၊ ဒါပေမဲ့ အမြဲတမ်း ပြစ်မှုကျူးလွန်ခံရတဲ့ သားကောင်တွေရဲ့ အခွင့်အရေးကိုပဲ ပထမဦးစားပေးအနေနဲ့ စဉ်းစားပါတယ်” ဟု သမ္မတ မူလီနိုက အခိုင်အမာ ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ပနားမားနိုင်ငံတစ်ဝန်းတွင် လူဦးရေ ၁၀၀၀၀၀ လျှင် လူသတ်မှု ၆ မှုနှုန်း ရှိနေပြီး အကြမ်းဖက်မှုများပြားလှသည့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဟွန်ဒူးရပ်စ်တွင်မူ လူဦးရေ ၁၀၀၀၀၀ လျှင် လူသတ်မှု ၂၄ မှုနှုန်းအထိ ရှိသည်။
Ref:AFP
Photos-AFP/AP















