■ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးနေသည့် TikTok အကောင့်ခြောက်ခုကို အမှုဖွင့်တရားစွဲထား
မှတ်ပုံတင်ပြုလုပ်ရာတွင် ရုံးလုပ်ငန်း မဆောင်ရွက်တတ်သူများသည် ပွဲစားများအသုံးပြုဆောင်ရွက်သည့် အတွက် စာရွက်စာတမ်း အတုများရရှိသဖြင့် မဆောင်ရွက်ကြရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ပြည်သူများ အတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် နိုင်ငံသားများအား သက်ဆိုင်ရာ လဝကရုံးများတွင်လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူ ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာစာသင်ကျောင်းများတွင်လည်းကောင်း လမင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်များ ပျက်စီး/ပျောက်ဆုံးမှုများအား e-ID စနစ်ဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေး၍ မြို့နယ်အဆင့် (၅) ဦး ကော်မတီဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်များ ပြန်လည်ဆောင်ရွက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် အချို့သောပြည်သူများသည် ရုံးလုပ်ငန်းများ ဆောင်ရွက်တတ်ခြင်းမရှိသဖြင့် ပွဲစားများအသုံးပြုဆောင်ရွက်ခဲ့ရာ မလိုလားအပ်သည့် ပြဿနာများ၊ စာရွက်စာတမ်း အတုများ ရရှိခဲ့ကြကြောင်း၊ သို့ဖြစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ကြမည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ လာရောက် သည့်အခါ ရုံးများအဝင်ရှိ ဧည့်ကြိုကောင်တာတွင် လဝကဝန်ထမ်းများမှ စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသည့်ပြည်သူများအတွက် အတူလိုက်ပါပြီး ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုအား နေ့ချင်းပြီးဆောင်ရွက်ပေးမည်ဖြစ်ပြီး အထောက်အထား အချက်အလက်မပြည့်စုံပါက လိုအပ်သည့်အထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ကာ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကာယကံရှင်များအတွက် သိရှိလိုသည်များ၊ ယူဆောင်လာရမည့် အထောက် အထားများနှင့်ပတ်သက်၍ လဝကမြို့နယ်ရုံး အသီးသီး၌ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးသည့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်၊ ဧည့်၊ ပြု ကတ်ပြားများကို ဖော်ပြပါအကောင့်အတု (Fake Account) များမှ Online တွင် ကြော်ငြာ၍ စာရွက်စာတမ်းအတုများ ထုတ်ပေးလျက်ရှိသဖြင့် အမှုဖွင့်တရားစွဲ ဆောင်ရွက်လျက်ရှိသောကြောင့် ပွဲစားများ၊ အကောင့်အတု(Fake Account) များဖြင့် လုံးဝဆက်သွယ် ဆောင်ရွက်ခြင်းမပြုပါရန်နှင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင် လာရောက်ဆောင်ရွက်နိုင်ရန် မေတ္တာရပ်ခံကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်သည်။















