ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်နေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်နေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး
Published 19 May 2026

မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်နေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မေ ၁၈ ရက် မွန်းလွဲ (၃) နာရီဝန်းကျင်ခန့်က နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်နေ အသက် (၅၈) နှစ်အရွယ် ဦးဇော်လွင်သည် ၎င်း၏နေအိမ်ဈေးဆိုင်တွင် ရှိနေစဉ် သေနတ်သမားနှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“သေနတ်သမားနှစ်ဦးက ဈေးဝယ်ဟန်ဆောင်ပြီးတော့ ဦးဇော်လွင်ကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ဦးဇော်လွင်မှာ ဘယ်ဘက်နား ထင်မှာကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်ပါးမှကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နဲ့  အခင်းဖြစ်တဲ့ ဈေးဆိုင်ထဲမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦး ပြောကြားသည်။

ဦးဇော်လွင်သည် နှစ်ကရင်ကျေးရွာ ဘူတာပိုင်းရပ်၊ ရပ်ကွက်ရာအိမ်မှူးတစ်ဦးဖြစ်ကြောင်း နှင့် တပ်မတော်မှ အငြိမ်းစားတစ်ဦးဖြစ်သည်ဟုသိရကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့သည့် ဦးဇော်လွင်၏ ရုပ်အလောင်းအား နှစ်ကရင်လူမှုကူညီရေးအသင်းမှ လမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အရေးယူမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မေလ (၁၄) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် မရှိခဏဘုရားအနီး  သံဖြူဇရပ် - ရေးကားလမ်း တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြသည့် အမျိုးသား သုံးဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဘိုဘိုမြင့်

Most Read

Most Recent