■ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

■ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ
Published 6 June 2026

တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁)၊ ပန်းတင်လမ်းမကြီးပေါ်ရှိ နေအိမ်ဖောက်ထွင်းမှုမှ ကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေ ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မေ ၃ ရက် ညနေ ၃ နာရီဝန်းကျင်အချိန်တွင် နေအိမ်ရှိ ရွှေလက်ဝတ်ရတနာများနှင့် နာရီလေးလုံး၊ ဆိုင်ကယ်စီးဦးထုပ်တစ်လုံး၊ Samsaung S21 Ultra အမျိုးအစား ဖုန်းတစ်လုံး၊ I Phone 8 plus တစ်လုံးတို့ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ 

အမှုမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အမှုစစ်အရာရှိ ဒုရဲအုပ် နောင်နောင်သည် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဌေး‌ရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေဝင်းတို့၏ ကွပ်ကဲမှု၊ စခန်းမှူး ဒုရဲမှူး မျိုးကျော်သူ၏ အနီးကပ်ကြပ်မတ်မှုဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ တရားခံ ရဲနောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တရားခံ ရဲနောင်ကို စစ်မေးချက်အရ နောက်ထပ်ကျူးလွန်သူတစ်ဦး ဖြစ်သော ဇော်ပိုင်ကို ထပ်မံဖမ်းဆီးရမိခဲ့ကာ ခိုးရာပါပစ္စည်းများကို လိုက်လံသိမ်းဆည်းရမိကြောင်း သိရသည်။

တရားခံ ရဲနောင်နှင့် ဇော်ပိုင်တို့ နှစ်ဦးအား တောင်ကြီးမြို့နယ်တရားသူကြီး၏ ချုပ်မိန့်ရီမန်ရယူပြီး စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးနှင့် နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့သည် အေးသာယာမြို့၊ အဝေးပြေးကားဂိတ်အနီးရှိ “ဟိန်း”အမည်ရှိ ဧည့်ရိပ်သာတွင် တည်းခိုနေထိုင်ခဲ့ကြောင်း၊ ၎င်းတို့ လေးဦးသည် အခင်းဖြစ်နေအိမ်မှ သက်သေခံပစ္စည်းများ ခိုးယူခဲ့ပြီးနောက် လူစုခွဲ၍ ပြန်ခဲ့ကြောင်း၊ ရဲနောင်နှင့် ဇော်ပိုင်တို့  နှစ်ဦးသည် ၎င်းတို့ခွဲတမ်းအဖြစ် ရရှိသည့် ၁၄ ပဲရည် အလေးချိန် ၁ ပဲ ၄ ရွေးခန့်ရှိ ရွှေလက်စွပ်တစ်ကွင်း၊ ၁၅ ပဲရည် အလေးချိန် ၂ ပဲ ၄ ရွေးခန့် ရှိသော ရွှေနားကွင်းတစ်ရံ၊ ၁၅ ပဲရည် အလေးချိန် ၂ ပဲ ၄ ရွေးခန့်ရှိ ရွှေလက်စွပ်တစ်ကွင်းတို့အား ရွှေညောင်မြို့၊ လမ်းဆုံမီးပွိုင့်အနီးရှိ ရွှေပြည့်အောင် ရွှေပန်းတိမ်ဆိုင်တွင် ရောင်းချခဲ့ကြောင်း အစစ်ခံထွက်ဆိုသဖြင့် ၅-၆-၂၀၂၆  ရက် ၁၀၃၀ အချိန်တွင် ဒုရဲအုပ်နောင်နောင် ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ  တရားခံ ရဲနောင်၊ ဇော်ပိုင်တို့ နှစ်ဦးအား ခေါ်ဆောင်၍ ရွှေညောင်မြို့ရှိ ရွှေပြည့်အောင် ပန်းတိမ်ဆိုင်သို့ သွားရောက်ကာ သက်သေခံရွှေထည်ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ကျန်ရှိသူနှစ်ဦးမှာ မိတ္တီလာမြို့နေသူတို့ ဖြစ်ကြောင်း သိရှိရသည့်အတွက် တရားခံများအား ဖမ်းဆီးရမိရေးအတွက် အခြားရဲစခန်းများသို့  ပြစ်မှု ၂၈/ ရဲ ၆၂ ပုံစံများ ပေးပို့ခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။  

အမှုမှ တရားလို၏ ထွက်ဆိုချက်အရလည်းကောင်း၊ တရားခံ ရဲနောင်၏ ဝန်ခံထွက်ဆိုချက်များအရလည်းကောင်း၊ တရားခံ ဇော်ပိုင်၏ ဝန်ခံထွက်ဆိုချက်အရလည်းကောင်း တရားခံ ရဲနောင်၊ ဇော်ပိုင်၊ ဖမ်းဆီးရန်ကျန်ရှိသော တရားခံ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့ လေးဦးသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၁)၊ ပန်းတင်လမ်းမကြီးပေါ်ရှိ တံခါးပိတ်ထားသည့် နေအိမ်မှ ရွှေထည်ပစ္စည်းများ၊ ဖုန်းနှစ်လုံး၊ နာရီသုံးလုံး၊ ဆိုင်ကယ်ဦးထုပ်တစ်လုံးတို့အား ခိုးယူခဲ့ပြီး ခွဲဝေယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ ကျူးလွန်သူ နှစ်ဦးကို တောင်ကြီးနယ်မြေရဲစခန်း တွင် (ပ) ၇၁/ ၂၀၂၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သို့ဖြစ်ပါ၍ အမှုမှ ဖမ်းဆီးရန်ကျန်ရှိသော တရားခံ နန်းအောင်ဝင်း၊ ကျော်ခိုင်ထွန်းတို့ နှစ်ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာ ရဲစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ သိမ်းဆည်းရန် ကျန်ရှိသော သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နောက်ဆက်တွဲအမှုများ ဖော်ထုတ်နိုင်ရေး စစ်ဆေးလျက်ရှိကြောင်းနှင့် တရားခံများအား ထိရောက်သော ပြစ်ဒဏ်ရရှိရေး ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ နယ်မြေ ရဲစခန်းထံမှ သိရသည်။

 

Most Read

Most Recent