ဩစတြေးလျနိုင်ငံသမိုင်းတွင် ကိုကင်းပမာဏ စံချိန်တင်အများဆုံး ဖမ်းဆီးရမိမှုအဖြစ် ဆစ်ဒနီမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် မြေအောက်၌ မြှုပ်နှံထားသည့် ပလတ်စတစ်ပုံးများအတွင်းမှ ကိုကင်း ၂ ဒသမ ၇ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့ က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ဆစ်ဒနီအခြေစိုက် စနစ်တကျဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်းတစ်ခုသည် အဆိုပါကိုကင်းများကို ကွင်းစလန်းပြည်နယ်မြောက်ပိုင်းတွင် ပြည်ပသင်္ဘောတစ်စီးပေါ်မှတစ်ဆင့် လွှဲပြောင်းချယူခဲ့ပြီးနောက် ဖြန့်ဖြူးရန်အတွက် ဆစ်ဒနီမြို့သို့ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
"ဒီမူးယစ်ဆေးဝါးတွေ ဘယ်ကလာသလဲဆိုတဲ့ မူလဇစ်မြစ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဒီရာဇဝတ်ဂိုဏ်းတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပက တရားဥပဒေစိုးမိုးရေး မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ" ဟု သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့အကြီးအကဲ စတီဖင် ဂျေးက ပြောကြားခဲ့သည်။
အဆိုပါ ကိုကင်းများကို မှောင်ခိုစျေးကွက်တွင် ပြန်လည်ရောင်းချပါက သြစတြေးလျဒေါ်လာ သန်း ၈၀၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၅၆၀) ခန့် တန်ကြေးရှိမည်ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
ကွင်းစလန်းပြည်နယ်အတွင်းသို့ တရားမဝင် မူးယစ်ဆေးဝါး တင်သွင်းမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိရသော MV Wealth အမည်ရှိ သင်္ဘောကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဆော်လမွန်ကျွန်းနိုင်ငံ၏ အာဏာပိုင်များက ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပစိဖိတ်ကျွန်းစုနိုင်ငံများသည် တောင်အမေရိကနှင့် အရှေ့တောင်အာရှတို့မှတစ်ဆင့် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများထံသို့ စီးပွားရေးအရ တွက်ခြေကိုက်သည့် ကိုကင်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်သည့် လမ်းကြောင်းများ ဖြစ်လာခဲ့သည်။
ရဲတပ်ဖွဲ့သည် ဇွန် ၁၉ ရက်တွင် မြေအောက်လှိုဏ်ခေါင်းများအတွင်း မြှုပ်နှံထားသော ပလတ်စတစ်ပုံးများထဲမှ ကိုကင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ဆစ်ဒနီမြို့၏ အနောက်မြောက်ဘက် ဆင်ခြေဖုံးကျေးလက်ဒေသတစ်ခုဖြစ်သော လန်ဒန်ဒေရီရှိ ခြံဝင်းတစ်ခု၏ နောက်ဘက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထိုဖြစ်စဉ်တွင် ထွက်ပြေးရန် ကြိုးပမ်းခဲ့သည့် အသက် ၂၁ နှစ်နှင့် ၂၅ နှစ်အရွယ် အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးစလုံးကို တရားမဝင်တင်သွင်းလာသည့် မူးယစ်ဆေးဝါးများကို စီးပွားဖြစ်ပမာဏအမြောက်အမြား လက်ဝယ်ထားရှိမှုဖြင့် စွဲချက်တင်ခဲ့ပြီး ထိုပြစ်မှုသည် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သည်။
ယခု ကိုကင်းတင်သွင်းမှုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် အခြားလူခြောက်ဦးကိုလည်း ယခင်ကတည်းက ဖမ်းဆီးထားပြီးဖြစ်ကာ၊ တရားမဝင်မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုဆိုင်ရာ ပြစ်မှုများဖြင့် စွဲချက်တင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်ပြီး သုတေသနပြုနေသည့် Penington Institute က ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် ဆေးလွန်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ သြစတြေးလျနိုင်ငံတွင် ကိုကင်းကြောင့် သေဆုံးရသူအရေအတွက်သည် ၂၀၂၄ ခုနှစ်၌ ၂၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၁၄၁ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
Ref:AFP















