ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပပြီး နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်နိကာယဂဏာဓိပတိသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာမ္မတကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့ အမှူးပြုသည့်သက်တော်ရှည် နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာ ယကအဖွဲ့ဆရာတော်ကြီးများ၊ ပိဋကတ်တော်ဆောင် ဆရာတော်ကြီးများ၊ ပြည်ပနိုင်ငံအသီးသီးမှ သံဃရာဇာဆရာတော်ကြီးများ အမှူးပြုသော ပြည်ပသံဃာတော်များ၊ ပိဋကတ်အကျော်အမော် ဆရာတော်ကြီးများ၊ ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင်ဆရာတော်သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ပိဋကတ်သုံးပုံကို မင်္ဂလာဆင်ဖြူတော်ရတနာဖြင့် ပင့်ဆောင်၍ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးအား လက်ယာရစ်လှည့်လည် ပူဇော်ကြည်ညိုကြပြီး ဆဋ္ဌသင်္ဂါယနာ တင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတက မဟာမင်္ဂလာမော်ကွန်းကျောက်စာတော်ကို မင်္ဂလာစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် မင်္ဂလာဆင်ဖြူတော် ရတနာဖြင့် ပင့်ဆောင်လာသည့် ပိဋကတ်သုံးပုံကို လိုဏ်ဂူတော်အတွင်းသို့ ပင့်ဆောင်ချိန်၌ အတူတကွလိုက်ပါ၍ သတ်မှတ်နေရာအသီးသီး၌ နေရာယူကြပြီး ဆရာတော်သံဃာတော်ကြီးများ ကြွရောက်လာမှုအား ကြည်ညိုခဲ့ကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးက ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးနောက် လိုဏ်ဂူတော်ပတ်လည်ရှိ ခေါင်းလောင်း ၁၀၈ လုံးတို့ကို တစ်ပြိုင်နက် ၉ ချက်ထိုး၍ ပူဇော်ကြကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး က သာရဏီယကထာကို မြွက်ကြားတော်မူပြီး သီတဂူဆရာတော်ကြီးက သမ္မောဒနီယကထာကို မြွက်ကြားချီးမြှင့်တော်မူသည်။
ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် မဟာထေရ်မြတ်တို့အား ပူဇော်သောအားဖြင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသနှင့် တိပိဋကဓရ ဘဏ္ဍာဂါရိကဆရာတော် ဘဒ္ဒန္တပညာဝံသာဘိဝံသတို့က ဝိနယပိဋကတ်တော်ကို သင်္ဂါယနာအမေးအဖြေပြုလုပ်ပြီး သံဃာတော်အရှင်သူမြတ်တို့က စုပေါင်းသံပြိုင် ရွတ်ဆိုပူဇော်ကြပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြရာတွင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ် ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်တော်မူကြပါကုန်သော ပရိယတ္တိဝန်ဆောင်၊ ပဋိပတ္တိဝန်ဆောင် ဆရာတော်အရှင်သူမြတ်တို့က နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့အပေါ် တရားဓမ္မဖြင့် ချီးမြှင့်ထောက်ပံ့ခြင်း ဓမ္မာနုဂ္ဂဟဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ကဆရာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ခြင်း ပစ္စယာနုဂ္ဂဟဖြင့်လည်းကောင်း၊ ဆရာဒကာလက်တွဲညီစွာ ဆောင်ရွက်သွားပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သ၍ သန့်ရှင်းတည်တံ့ပြန့်ပွားကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တိုင်အောင် ထွန်းကားပြန့်ပွားမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ကြောင်း၊ ဆရာတော်အရှင်သူမြတ်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် သာသနာ့ ဝန်၊ ခန္ဓာ့ဝန်ကို လွယ်ကူချမ်းသာစွာ ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး နေလို၊ လလို ထွန်းလင်းတောက်ပနိုင်ရေးအတွက် ပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုအဖြာဖြာသည် မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ကောင်းဖြစ်ပါစေရန် ဆုမွန်ကောင်းတောင်းတော်မူပါကြောင်း ဖြင့် လျှောက်ထားတင်ပြသည်။
ယင်းနောက် သံဃာအပါး ၁၀၀၀ နှင့်အထက် ပရိယတ္တိစာသင်တိုက်ကြီးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၏ သဝဏ်လွှာ၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၏ သဝဏ်လွှာ၊ သီရိလင်္ကာနိုင်ငံ၊ သျှာမနိကာယ ကောတေချပ်ပတာ အနုနာယက ဘဒ္ဒန္တကောဋ ပိတိယေ ရာဟုလာထေရ်တို့၏ သဝဏ်လွှာများကို ဆရာတော်ကြီးများက ဖတ်ကြားတော်မူကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က သီတဂူဆရာတော်ကြီးထံသို့လည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံသို့လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က တပ်ကုန်းမြို့ဦးကျောင်းတိုက်ဆရာတော်ကြီးထံသို့ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံသို့လည်းကောင်း လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။















