Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း လူဦးရေ ၂၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့ ရန်ကုန်မြို့ရှိ အစိုးရကျောင်းများ၊ နိုင်ငံတကာကျောင်းများအပြင် တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့များမှလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
" ဒီနေ့ကျင်းပတဲ့ပွဲက World Robot Contest (WRC )ပေါ့။ World Robot Contest ဆိုတာ တရုတ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေ၊လက်တင်အမေရိကားနိုင်ငံတွေ၊ ရှရှားနိုင်ငံတွေပါထားတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အဲဒီမှာပါတဲ့အိမ်ရှင်နိုင်ငံတွေက နှစ်စဉ် Organizar လုပ်ပြီးတော့မှ ကိုယ့်နိုင်ငံမှာကိုယ်ကျင်းပကြတယ်။ မြန်မာနိုင်ငံမှာဆိုရင် ၂၀၂၄ ခုနှစ်ကတည်းက နှစ်စဉ်မေလ ဒီလိုအချိန်ဆိုလုပ်ပါတယ်။ ကျင်းပတဲ့နိုင်ငံတွေမှာလည်း ကျွန်တော်တို့သွားပြိုင်တယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်တုန်းကဆိုရင် WRC Thailand Championship နဲ့ Malaysia Championship သွားပြိုင်တယ်" ဟု TITAN EDU မှ Founder ဦးတင်အောင်ဝင်းက ပြောသည်။
ပြိုင်ပွဲတွင် စက်ရုပ်နည်းပညာ၊ Programming နှင့် Innovation ဆိုင်ရာ စွမ်းရည်များကို ယှဉ်ပြိုင်ပြသခဲ့ကြသည်။
Robot Camp Myanmar နှင့် WRC စက်ရုပ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် နှစ်စဉ် မေလကုန်ပိုင်း သို့မဟုတ် ဇွန်လအစပိုင်းတွင် ကျင်းပလေ့ရှိပြီး ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆုအနေဖြင့် Level တစ်ခုလျှင် ချန်ပီယံဆု တစ်ဆု၊ 1 Runner up၊ 2 Runner up ဆုများကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Robot Camp Myanmar 2026 နှင့် World Robot Contest (WRC 2026) စက်ရုပ်ပြိုင်ပွဲကို Titan EDU က ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။















