ကမ္ဘောဒီးယားနိုင်ငံရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ပြန်လည်ခေါ်ဆောင်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများမှ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၃၀ တို့ကို တပ်မတော်လေယာဉ်ဖြင့် မေ ၂၇ ရက်မွန်းလွဲပိုင်းတွင် ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ရန်ကုန်မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ မွန်းလွဲ ၁ နာရီကျော်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများ ကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။















