အမေရိကန်နှင့်အီရန်တို့ ဖြစ်ပွားနေသော စစ်ပွဲရပ်သွားစေမည့် သဘောတူညီနှင့်ပတ်သက်၍ အကောင်းမြင်မှုများရှိလာသောကြောင့် မေ ၂၉ ရက်တွင် အာရှစတော့စျေးကွက်များသည် စျေးတက်နေပြီး ရေနံစိမ်းစျေးများ ကျသွားခဲ့သည်။
အမေရိကန်နှင့် အီရန် သဘောတူညီချက်ရရှိပါက ဟော်မုဇ်ရေလက်ကြား၌ ပုံမှန်ဖြတ်သန်းသွားလာမှုများ လုပ်ဆောင်နိုင်တော့မည်ဟူသော အခွင့်အလမ်းများကို ရင်းနှီးမြှုပ်နှံသူများက မြင်ထားသောကြောင့် ယခုအပတ်ထဲတွင် ရေနံစိမ်းစျေးများကျဆင်းခဲ့နေသည်။
အမေရိကန်က မေ ၂၈ ရက်တွင် အီရန်တောင်ပိုင်းကို တိုက်ခိုက်ခဲ့သည်။ အီရန်ကလည်း လက်တုံ့ပြန်သည့်အနေအဖြင့် အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သည်။ ယင်းသို့အပြန်အလှန်တိုက်ခိုက်ခဲ့ခြင်းက အမေရိကန်နှင့်အီရန်သဘောတူညီချက်ရနိုင်သည်ဟူသော မျှော်လင့်ချက်များကို အခိုက်အတန့်အားဖြင့် ရပ်တန့်သွားစေခဲ့သည်။
ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းရန် ကြိုးစားသော သင်္ဘောလေးစင်းကို အီရန်တပ်ဖွဲ့များက ပစ်ခတ်ကတည်းက ပူပူနွေးနွေးတိုက်ခိုက်မှုများ စတင်ခဲ့သည်ဟု အီရန်အစိုးရသတင်းဌာန IRIB က မေ ၂၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
“ကျူးကျော်သူ အမေရိကန်စစ်တပ်က ဘန်ဒါအာဘက်စ်ဆင်ခြေဖုံးက တစ်နေရာတစ်ခုကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တိုက်တဲ့နေရာဖြစ်တဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းကို နံနက် ၄ နာရီ ၅၀ မိနစ်မှာပစ် မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” ဟု ယင်းသတင်းဌာနက ဆက်လက်ဖော်ပြခဲ့သည်။
အမေရိကန်တပ်ဖွဲ့များက အီရန်တောင်ပိုင်း ဆိပ်ကမ်းဘန်ဒါအဘက်စ်ရှိ မြေပြင်ထိန်းချုပ်ရေးစခန်းကိုပစ်မှတ်ထားသော တိုက်ခိုက်မှုများကိုလုပ်ဆောင်ခဲ့သည် ဟုအမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူက AFP ကို ပြောကြားခဲ့သည်။ အီရန်ဘက်လည်း လျင်လျင်မြန်မြန် တုံ့ပြန်ခဲ့သည် ဟုဆိုသည်။
မေ ၂၈ ရက် ညနေပိုင်းတွင် စေ့စပ်ဆွေးနွေးသူများက တဲတဲဖြစ်နေသော အပစ်အခတ်ရပ်စဲရေးကို ရက် ၆၀ သက်တမ်းတိုးရန် သဘောတူခဲ့ကြသည်ဟုဆိုသည်။ သို့သော် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံမှအ တည်ပြုချက် လိုအပ်နေဆဲဖြစ်သည်ဟု အမေရိကန်သတင်းအရင်းအမြစ်များက AFP ကို ပြောကြားခဲ့သည်။
ထိုသတင်းက ဝေါစထရိတွင် ရှယ်ယာစျေးများကို ပြန်လည် မြင့်တက်စေခဲ့သည်။
မေ ၂၉ ရက် အာရှစတော့စျေးကွက်များတွင် ရေနံစိမ်းစျေးသည် သုည ဒသမ ၉ ရာခိုင်နှုန်း ကျသွားသဖြင့် ရေနံစိမ်းတစ်စည်၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၉၃ ဒေါ်လာသာရှိတော့သည်။
အမေရိကန်စံစျေးနှုန်းဖြစ်သည့် West Texas Intermediate က ရေနံစိမ်းတစ်စည်ကို ၁ ဒသမ ၁ ရာခိုင်နှုန်းစျေးချသဖြင့် တစ်စည်၏စျေးနှုန်းမှာ ၈၈ ဒေါ်လာမျှသာရှိတော့သည်။
အာရှစတော့စျေးကွက်များတွင်မူ စတော့ရှယ်ယာစျေးများ အတက်အကျဖြစ်နေသည်။ တိုကျို၊ ဆိုးလ်၊ တိုင်ပေတို့တွင် ရှယ်ယာစျေး နှစ်ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး ဆစ်ဒနီစတော့စျေးကွက်တွင် စတော့စျေးသည် တစ်ရာခိုင်နှုန်းသာ မြင့်တက်လာခဲ့သည်။















