မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နည်းလမ်းများရှာကျန်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော်လည်း၊ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီပြန်လည်ဝယ်ယူခွင့်နှင့်ပတ်သက်ပြီး လတ်တလောဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက ပြောကြားသည်။
ယနေ့ ဇွန်လ (၁၅) ရက်နေ့ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော် မှမေးမြန်းခဲ့သည့် မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းကျဆင်းစေရန် နှင့် ရန်ကုန်မြို့ (သီလဝါ) ဆိပ်ကမ်းမှ ပြန်လည်ဝယ်ယူခွင့်ပြုပေးပါရန် မွန်ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည့် မေးခွန်းအား ဦးဇေယျာဦး မှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအားလုံးနှင့် ကဏ္ဍအသီးသီးအတွက် စက်သုံးဆီ လိုအပ်ချက်များကို ယခင်က ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ ရယူဆေင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်ကာလအတွင်း (၂၀၂၂) ခုနှစ် ဩဂုတ်လနှင့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလအတွင်းမှ စက်သုံးဆီအခက်အခဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယင်းကာလအတွင်း ရန်ကုန် - သီလဝါဆိပ်ကမ်းမှ စက်သုံးဆီဖြန့်ဖြူးပေးရာ၌ ရန်ကု်န၊ မန္တလေး၊ နေပြည်တော် စတဲ့မြို့ကြီးများကိုသာ ဦးစားပေးဖြန့်ဖြူးပေးခဲ့ပြီး မွန်ပြည်နယ်အတွင်း မော်လမြိုင်အပါအဝင် တခြားမြို့များ၌ စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့အပြင် (၂၀၂၄) ခုနှစ်မေလအတွင်း ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတားနှင့် မစောတံတားများအား အကြမ်းဖက်အဖွဲ့အစည်းများမှ မိုင်းခွဲမှုဖြစ်စဉ်များကြောင့် ဆီသည်ဘောင််ဆာယာဉ်များသွားလာမှုရပ်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုများထပ်မံကြုံတွေ့ခဲ့ရပါကြောင်း ဦးဇေယျာဦးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
၎င်းကဆက်လက်ပြီး “ထိုအခြေအနေများကိုကျော်လွှားနိုင်ရန်အတွက် ထိုစဉ်က ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်တင်သွင်း သိုလှောင်ဖြန့်ဖြူး နိုင်ရေးတင်ပြခွင့်ပြုချက်တောင်းခံခဲ့ရာ နိုင်ငံတော်၏ခွင့်ပြုချက်အရ Importer ကုမ္ပဏီလီမိတက်၊ Import ကုမ္ပဏီလီမိတက်ဖြစ်သည့် Myanmar Energy King ကုမ္ပဏီလီမိတက်သည် နိုင်ငံတော်မှ နိုင်ငံခြားငွေ တောင်းခံခြင်းမပြုဘဲ ပြည်ပပင်လယ်ရေကြောင်းမှ စက်သုံးဆီတင်သွင်းခွင့်တင်သွင်းခဲ့ပြီး၊ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း ဆိပ်ကမ်းမှ မွန်ပြည်နယ်အတွင်းသို့ စက်သုံးဆီတင်သွင်းခြင်းဆောင်ရွက်ခဲ့ခြင်းကြောင့် အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပေါ်ခဲ့သော်လည်း မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။
“စက်သုံးဆီဈေးနှုန်းကျဆင်းရေးအတွက် လက်ရှိ မွန်ပြည်နယ် မော်လမြိုင်မြို့၏ ရည်ညွန်းဈေးနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့၏ ရည်ညွန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 92 Rom, 95 Rom, HSD ဈေးနှုန်းတို့မှာ တစ်လီတာလျှင် (၃၀၀) ကျပ်ဝန်းကျင်ခန့်နှင့် ဒီဇယ် HSD (500 ppm) မှာ (၅၆၀) ကျပ်ဝန်းကျင်ကွာခြားနေပြီး၊ မွန်ပြည်နယ်နှင့် ကပ်လျှက်ရှိသော ကရင်ပြည်နယ် ဘားအံမြို့၏ ရည်ညွန်းဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက 92 Rom, 95 Rom, HSD တစ်လီတာလျှင် (၁၈၀) ကျပ်ဝန်းကျင်ခန့်နှင့် ဒီဇယ်ဆီ HSD (500 ppm) မှာ (၄၅၀) ကျပ်ဝန်းကျင်ခန့်ရှိနေသည့်အတွက်ကြောင့် စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နည်းလမ်းများရှာကျန်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါတယ်” ” ဟု ဦးဇေယျာဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီပြန်လည်ဝယ်ယူခွင့်နှင့် ပတ်သက်ပြီး လတ်တလောဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဦးဇေယျာဦးက ပြန်လည်ဖြေကြားခဲ့သည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းလက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် (၂၀၂၅) ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှစတင်ကာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း Ya Zar Min Industry ကုမ္ပဏီပိုင်ရှင်ဦးညီညီထွေး (၅၅) နှစ် မှာ စက်သုံးဆီများအား တရားမဝင်မှောင်ခိုင်ရောင်းချမှုများကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူခြင်းခံထားရသည့်အပြင် စက်သုံးဆီလုပ်ငန်းရှင်များ ဖြစ်ကြသည့် စွမ်းမြန်မာစက်သုံး ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။















