အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီတို့ အသင့်ရှိဟုဆို

အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီတို့ အသင့်ရှိဟုဆို
Published 15 June 2026

E4 ဟု ခေါ်သည့် ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီတို့က အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် အီရန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းရန် အသင့်ရှိကြောင်း ဇွန် ၁၄ ရက်တွင် ကြေညာလိုက်သည်။

“အီရန်အနေနဲ့ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ပိုင်ဆိုင်ခွင့် မရစေရဘူး။ ဒီရည်မှန်းချက် အောင်မြင်ဖို့အတွက်လည်း အမေရိကန်၊ အီရန်၊ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု E4 ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

သုံးလကျော်ကြာ ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်း စစ်ပွဲအပြီး အမေရိကန်နှင့်အီရန်တို့ ဇွန် ၁၄ ရက်တွင် သဘောတူညီချက်ရခဲ့ကြပြီး အဆိုပါ သဘောတူညီချက်က အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ရက်ပေါင်း ၆၀ ကြာ ထပ်တိုးဆွေးနွေးပွဲများကို ဖြစ်မြောက်လာစေလိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုနှစ် G7 ထိပ်သီးအစည်းအဝေးကို ပြင်သစ်တွင် ဇွန် ၁၅ ရက်၌ စတင်မည်ဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေနှင့် ဥရောပသမဂ္ဂ (EU) တို့မှ ခေါင်းဆောင်များနှင့် ထရန့်တို့တွေ့ဆုံမည်ဟု ယူဆရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယခုသဘောတူညီချက်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသည့် ပါကစ္စတန်၊ ကာတာနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

Ref: CNBC

Most Read

Most Recent