လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်ပတ်လည်ညီလာခံတွင် တရုတ်(တိုင်ပေ)ကို ပါဝင်ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံက မေ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
တရုတ်(တိုင်ပေ)ဘက်ကလည်း ညီလာခံပြင်ပတွင် ပြုလုပ်မည့် အစည်းအဝေးများကို တက်ရောက်ရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမည်ဟု မလျှော့တမ်းပြောသည်။
တရုတ်(တိုင်ပေ)ကျွန်းကို မိမိတို့ပိုင်နက် နယ်မြေအဖြစ် သတ်မှတ်ထားသည့် တရုတ်အစိုးရ၏ ကန့်ကွက်မှုများကြောင့် တရုတ်(တိုင်ပေ)သည် နိုင်ငံတကာအဖွဲ့အစည်း အများစုတွင် ပါဝင်ခွင့် ပိတ်ပင်ခံထားရသည်။
တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး၊ ခရီးသွားလာရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည့် သမ္မတဟောင်း မာယင်းကျိုလက်ထက် ၂၀၀၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်(တိုင်ပေ)သည် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) သို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခဲ့သည်။
သို့သော် ၂၀၁၇ ခုနှစ်တွင် ဆိုင်အင်းဝမ် သမ္မတအဖြစ် တက်လာပြီးနောက် တရုတ်နှင့် တရုတ်(တိုင်ပေ)တို့ တစ်နိုင်ငံတည်းဖြစ်သည်ဆိုသည့် ရပ်တည်ချက်ကို လက်မခံသဖြင့် တရုတ်က တရုတ်(တိုင်ပေ)၏ ပါဝင်ခွင့်ကို စတင်ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိသမ္မတ လိုင်ချင်းတယ်ကလည်း ဆိုင်အင်းဝမ်၏ ပေါ်လစီအတိုင်း ဆက်လက်ကျင့်သုံးနေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက " တရုတ်တစ်နိုင်ငံတည်း မူဝါဒကို စောင့်ထိန်းဖို့ ၊ ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ကမ္ဘာ့ကျန်းမာရေးညီလာခံရဲ့ သက်ဆိုင်ရာ ဆုံးဖြတ်ချက်တွေရဲ့ အလေးအနက်ထားမှုနဲ့ အာဏာစက်ကို ကာကွယ်ဖို့အတွက် ဒီနှစ် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ တရုတ်(တိုင်ပေ)ကို ပါဝင်ခွင့်မပေးနိုင်ဘူး" ဟု ပြောကြားခဲ့သည်။
တရုတ်(တိုင်ပေ) ကျန်းမာရေးဝန်ကြီး ရှီးကျုံးလျန့်ကလည်း ကမ္ဘာကြီးတွင် ကျန်းမာရေးစိန်ခေါ်မှုများစွာ ရင်ဆိုင်နေရချိန် ယခုကဲ့သို့ ညီလာခံသို့ ဖိတ်ကြားခြင်းမခံရသည်မှာ ဝမ်းနည်းစရာကောင်းသည်ဟု ဆိုကာ "ကျွန်တော်တို့ မတက်လို့ မဖြစ်ပါဘူး။ ဒီထက်မက ပိုပြီး တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက်ရမယ်" ဟု တုံ့ပြန်ထားသည်။
ထို့ပြင်ကျန်းမာရေးဝန်ကြီးက ကိုယ်စားလှယ်အဖွဲ့ကို ဂျီနီဗာမြို့သို့ ဦးဆောင်ခေါ်သွားမည်ဖြစ်ကာ ကျန်းမာရေးပညာရှင်များနှင့် တွေ့ဆုံမည်ဟု ဆိုသည်။၎င်းနှင့်အတူ တရုတ်(တိုင်ပေ)နိုင်ငံခြားရေးဝန်ကြီး လင်းကျားလုံလည်း ဂျီနီဗာသို့ လိုက်ပါသွားရန် စဉ်းစားနေသည်။
တရုတ်(တိုင်ပေ)သည် တရုတ်အစိုးရ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုချက်များကို ပယ်ချခဲ့ပြီး ကျွန်းပေါ်ရှိ လူဦးရေ ၂၃ သန်းအတွက် ကိုယ်စားပြုပြောဆိုပိုင်ခွင့် တရုတ်တွင် မရှိဟုလည်း တုံ့ပြန်ထားသည်။















