■ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

■ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Published 27 June 2026

■ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနား ကျင်းပ



■ သွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန်ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို ဦးတည်လုပ်ကိုင်ခြင်းဖြင့် အမှီအခိုကင်း​သော ကိုယ့်အားကိုယ်ကိုးပြီး ခိုင်မာတောင့်တင်း​သည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက်ရမည်ဟု နိုင်ငံ​တော်သမ္မတ​ပြောကြား



အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကို ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌများ၊ အသင်းအဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့​ကြောင်း သိရသည်။

 ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများနေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတော်သမ္မတက ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဖွင့်လှစ်ပေးပြီးဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့​ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတက အမှာစကားတွင် နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဟူသည့် ဆောင်ပုဒ်အတိုင်း စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်ကြမ်း အခြေပြု MSME ကုန်ထုတ်လုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ မောင်းနှင်ပေးသည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်အကိုင် အများဆုံး ဖန်တီးပေးနိုင်ရုံသာမက ဒေသတွင်းစီးပွားရေးလည်ပတ်မှုကိုလည်း ပိုမိုအားကောင်းစေပြီး ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် တိုက်ရိုက်အထောက်အကူပြုနေသည့် လုပ်ငန်းများ လည်းဖြစ်ကြောင်း ​ပြောကြားသည်။

ထို့ပြင် ကုလသမဂ္ဂ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို အကောင်အထည်ဖော်ရာတွင် MSME များသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့်ကမ္ဘာ့စီးပွားရေးမဏ္ဍိုင်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများတွင် အရေးပါလှသည့် MSME လုပ်ငန်းများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီ ၆ ရက် ကုလသမဂ္ဂ၏ အထွေထွေညီလာခံ အစည်းအဝေးတွင် နှစ်စဉ် ဇွန် ၂၇  ရက်ကို World MSME Day အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ MSME ကဏ္ဍသည် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှု စသည့်လုပ်ငန်းများ အားလုံး ပါဝင်နေသောကြောင့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေးတွင်လည်း များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ စီးပွားရေးဦးတည်ချက်များကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ရန်နှင့် မိမိတို့နိုင်ငံ၏ အခြေခံကျောရိုးဖြစ်သည့် MSME ကဏ္ဍကို အရှိန်အဟုန်မြှင့် အားပေးဆောင်ရွက်ရန်အတွက် “စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” ကို မိမိတို့အစိုးရသစ်တွင် စတင်တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME ကဏ္ဍကို စနစ်တကျဖြင့် ပြောင်မြောက်စွာတိုးတက် စေချင်သည့် နိုင်ငံတော်၏ မျှော်မှန်းချက်၊ ဦးတည်ချက်နှင့် သန္နိဋ္ဌာန်ကို ပြသခြင်းပင်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ထို့အတူ ယနေ့ကမ္ဘာပေါ်တွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME များ ဖြစ်ပြီး အလုပ်အကိုင် ဖန်တီးပေးမှုအပိုင်း၌ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း နှင့် GDP ၏ ၅၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ၏ အချက်အလက်များအရ လေ့လာ သိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် MSME လုပ်ငန်းများဖြစ်နေပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မှုအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် MSME ကဏ္ဍဖွံ့ဖြိုးရေးသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ရှုမြင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ ယင်းနေရာတွင် အလေးအနက်မှာကြားလိုသည်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍ အဆင်ပြေ  MSME ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အပြန်အလှန် ချိတ်ဆက်နေသည့် အဓိကမဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်တို့ တိုးတက်မြင့်မားအောင် ကြိုးစားလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သကဲ့သို့ MSME လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း စိန်ခေါ်မှုများစွာရှိကြောင်း၊ အဆိုပါစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကများအနေဖြင့် တစ်ဦးချင်းလုပ်ဆောင်ရာတွင် အခက်အခဲ ရှိနိုင်ကြောင်း၊ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ သမဝါယမပုံစံနှင့် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ကုန်ကြမ်းအနေဖြင့် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်း၌အလွယ်တကူရရှိနိုင်သည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အပြည့်အဝ အသုံးချ ကြရမည်ဖြစ်ကြောင်း၊ သွင်းအားစုများဖြစ်သည့် စက်သုံးဆီ၊ လျှပ်စစ်မီး၊ မြေဩဇာနှင့် ကုန်ထုတ်လုပ်မှု စက်ကိရိယာ အစိတ်အပိုင်းများကိုလည်း သင့်တော်သည့်နည်းလမ်းများဖြင့် တီထွင်ကြံဆပြီး လုပ်ဆောင်ကြရန်လိုကြောင်း၊ အထူးသဖြင့် ကုန်ထုတ်လုပ်မှု စရိတ်စကများကို ဖြစ်နိုင်သမျှ လျှော့ချပေးနိုင်ရန်နှင့် ကုန်ထုတ်စွမ်းအားကို ပိုမိုတိုးတက်လာရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများကို ဖြည့်ဆည်းပေးနိုင်ရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အထူး အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

ယင်းအပြင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံပြီးလုပ်ကိုင် နေကြသည် နိုင်ငံဖြစ်သောကြောင့် ပြည်တွင်းရှိ MSME လုပ်ငန်းများအတွက် အလွယ်တကူ ရရှိနိုင်သည့် သဘာဝသယံဇာတနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံဒေသထွက်ကုန်ကြမ်းများကို အသုံးပြုသည့် ကုန်ထုတ်လုပ်မှုကို အဓိကတွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သာမန်လုပ်ရိုးလုပ်စဉ် စိုက်ပျိုးမွေးမြူ ထုတ်ကုန်များကို မူလကုန်ကြမ်းအခြေအနေအတိုင်း ရောင်းချမှုအဆင့်မှ ခေတ်မီနည်းပညာများအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပြောင်းလဲ ထုတ်လုပ်နိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ပြည်ပမှ တင်သွင်းနေရသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကိုကြည့်ပါက အများစုသည် မိမိတို့နိုင်ငံ၌လည်း ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ကုန်ကြမ်းများကို အခြေခံ ထားသည်ကို တွေ့ရကြောင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် ကုန်ကြမ်းများကို အပြည့်အဝအသုံးချပြီး အရည်အသွေးမီ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှကုန်ချောတင်သွင်းနေရမှုကို လျှော့ချနိုင်မည့် အပြင် သွင်းကုန်အစားထိုးခြင်းကိုလည်း လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့၏ မျှော်မှန်းချက်သည် Agro-based Industry ထူထောင်နိုင်ရေးဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးသက်သက်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်မလွယ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတွင်ရှိပြီး ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောကုန်ထုတ်လုပ်မှုမှနေ၍ စက်မှုလုပ်ငန်းများကို MSME နှင့် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ဥမာအားဖြင့် ဝါးကိုအခြေခံပြီး စက္ကူ၊ ပျော့ဖတ်၊ အထည်နှင့် အသုံးအဆောင်ပစ္စည်း၊ ရာဘာကို အခြေခံသည့် အလုံးစုံသော သုံးကုန်ပစ္စည်း ထုတ်လုပ်ခြင်း များသည် Agro-based Industry များအချို့သာဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတကဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်း MSME များသည် ကမ္ဘာ့ MSME များနည်းတူ ငွေကြေး အရင်းအနှီး၌ အခက်အခဲများရှိနေခြင်း၊ နည်းပညာနောက်ကျနေခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်မှု အားနည်းခြင်း၊ ကျွမ်းကျင်လုပ်သား မလုံလောက်ခြင်း၊ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အားနည်းခြင်း၊ ကမ္ဘာ့စီးပွားရေးဆိုင်ရာ သက်ရောက်မှုများ ကြုံတွေ့နေရခြင်း စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး အခွင့်အလမ်း အဖြစ် ပြောင်းလဲကာ ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်ခုရရှိအောင် ကြိုးပမ်းအားထုတ်ကြရန် လိုကြောင်း၊ ဒေသန္တရအစိုးရအဖွဲ့များ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ လုပ်ငန်းကွန်ရက်များအနေဖြင့် လုပ်ငန်းရှင်များအတွက် ကုန်ကြမ်းသေချာစွာရရှိစေရေး၊ ငွေကြေးအရင်းအနှီး လွယ်ကူစေရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာသင်တန်းများ ရရှိနိုင်ရေးအတွက် ခိုင်မာသည့် ဝန်းကျင်ကောင်းတစ်ခုကို ဝိုင်းဝန်းတည်ဆောက်ပေးကြရမည်ဖြစ်ကြောင်း၊ တီထွင်ဆန်းသစ်သူများ၊ စိုက်ပျိုးရေးမွေးမြူရေးကုန်ထုတ်လုပ်သူများမှအစပြု၍ ဝန်ဆောင်မှုပေးနေသူများအထိ MSME လုပ်ငန်းရှင်အားလုံးသည် ယင်းစီးပွားရေး စိန်ခေါ်မှုများကြားမှ ကြံ့ကြံ့ခံပြီး အလုပ်အကိုင်များ ဖန်တီးပေးနေသည်ကို တွေ့ရသည့်အတွက် အလေးအနက် အသိအမှတ်ပြုကြောင်း၊ မိမိတို့နိုင်ငံတွင်း ထုတ်လုပ်မှုစွမ်းအားများကိုမြှင့်တင်ပြီး သွင်းကုန်အစားထိုးခြင်းနှင့် ပို့ကုန် ဦးတည်သည့် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုများကို ဦးတည်လုပ်ကိုင်ခြင်းအားဖြင့် အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးကာ ခိုင်မာတောင့်တင်းသည့် နိုင်ငံ့စီးပွားရေးကို တည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်ဝန်းလုံးတွင် ဒေသတစ်ခုနှင့်တစ်ခု ရာသီဥတု၊ မြေဆီလွှာနှင့် ထွက်ရှိသည့် သဘာဝသယံဇာတချင်း မတူညီသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ဒေသတစ်ခုချင်းစီ၌လည်း အားသာချက်ကိုယ်စီရှိနေကြကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင်ရှိသည့် MSME များကို ထိထိရောက်ရောက် တိုးတက်စေလိုပါက “ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)” စနစ်ကို အားစိုက်ကြိုးပမ်း လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းနိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ယခုနှစ် World MSME Day ကို နှစ်ရက်တာကျင်းပပြီး MSME လုပ်ငန်းရှင်များအနေဖြင့် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများနှင့် အလှမ်းမဝေးစေရေးဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုကို မြှင့်တင်အားပေးသည့် အထူးအစီအစဉ်များကို ထည့်သွင်းပံ့ပိုးပေးထားကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှု မြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း၊ မိမိတို့၏ ကုန်ပစ္စည်းများကို ဒေသတွင်းမှ ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရေးအတွက် ဒစ်ဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှု ပလက်ဖောင်း (E-commerce Platforms) များကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊ အထူးသဖြင့် လူငယ်စံပြလုပ်ငန်းရှင်များကို ဒစ်ဂျစ်တယ်နည်းပညာများတွင် သေချာစွာ နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချနိုင်ရေးအတွက် နည်းပညာ ပံ့ပိုးမှုများဖြင့် လုပ်ငန်းကွန်ရက် ချိတ်ဆက်မှုများ အားကောင်းခိုင်မာရေး ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးစနစ်တစ်ခုလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရန်ဆိုပါက သီးခြားစီဖြစ်နေပြီး အမျိုးအစားတူသည့် MSME လုပ်ငန်းများကိုစုစည်းပြီး အောင်မြင်မှုရရှိသည်အထိရှေ့သို့ ဆက်လက်ချီတက်ကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက်ပံ့ပိုးပေးနိုင်သည့် Supply Chain Mechanism ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြရမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်းများအကြား ခိုင်မာသည့် ကုန်ထုတ်လုပ်မှုကွင်းဆက်ကွန်ရက်တစ်ခု ဖြစ်ပေါ်လာအောင် ချိတ်ဆက်ပေးသွားကြရန် လိုအပ်ကြောင်း၊ စက်ရုံကြီးများအတွက်လိုအပ်သည့် စက်အစိတ်အပိုင်းများ၊ တစ်ဝက်တစ်ပျက် ကုန်ကြမ်းများနှင့် ထုပ်ပိုးပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းနေမည့်အစား အရည်အသွေးမီသည့် ပြည်တွင်း MSME ထုတ်ကုန်များကို ဝယ်ယူအသုံးပြုပြီး ကုန်ချောထုတ်လုပ်သည့် စနစ်မျိုးကိုဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် တစ်ခုနှင့်တစ်ခု ကွင်းဆက်မပြတ် အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်နိုင် ကြမည်ဖြစ်ကြောင်း နိုင်ငံ​တော်သမ္မတက ​ပြောကြားသည်။

ထို့အပြင် MSME လုပ်ငန်းရှင်များ အချင်းချင်း အတွေ့အကြုံဖလှယ်ခြင်းနှင့် ကုန်ထုတ် လုပ်မှု နည်းပညာများ၊ မျှဝေဖလှယ်မှုများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြရန် လိုကြောင်း၊ မိမိတို့နိုင်ငံ၏ MSME လုပ်ငန်းများ ခေတ်မီတိုးတက်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိရန်အတွက်ဆိုပါက အစိုးရနှင့်ပုဂ္ဂလိက အသင်းအဖွဲ့များအကြား ခိုင်မာသည့်မိတ်ဖက်ဆက်ဆံရေး ကိုလည်း တည်ဆောက်ထားရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ကမ္ဘာ့ဈေးကွက်အထိ တင်ပို့ နိုင်ရေးအတွက် နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်မည့် Global Partnership အတွက်ကိုပါ ရည်မှန်း ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အားလုံးပါဝင်နိုင်သည့် စီးပွားရေးစနစ်များ ဖြစ်ထွန်းအောင်မြင်လာစေရေးအတွက် ဘဏ္ဍာရေးအရင်းအမြစ်များနှင့် နည်းပညာဆိုင်ရာ ဗဟုသုတများကို အစဉ်သဖြင့် ဝေမျှပေးနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကိုလည်း ဖန်တီး ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့များအနေဖြင့် ကုန်ထုတ်လုပ်မှု နယ်ပယ်အသီးသီးတွင် ဒေသအလိုက် လုပ်ငန်းကဏ္ဍ ချိတ်ဆက်မှုများ ပီပြင်စွာဖော်ဆောင်နိုင်စေရေးအတွက် လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းရှင်ငယ်များ အကြား ပေါင်းကူးတံတားသဖွယ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန် လိုကြောင်း နိုင်ငံ​တော်သမ္မတက​ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များသည် မိမိတို့နိုင်ငံ စီးပွားရေး၏ ပဓာနကျသည့် ကျောရိုးမဏ္ဍိုင်ကြီးဖြစ်ကြောင်း၊ ယင်းကဏ္ဍ ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုရှင်သန်ဖွံ့ဖြိုးလာစေခြင်းသည် မိမိတို့နိုင်ငံ၏ စီးပွားရေးအင်အား တောင့်တင်းလာစေရုံတင်မက ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝနှင့် မိသားစုဝင်ငွေများကို တိုက်ရိုက်မြင့်မားတိုးတက် လာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အသေးစား၊ အငယ်စား လုပ်ငန်းရှင်များ၊ စတင်ပျိုးထောင်စလုပ်ငန်း (Startup) တည်ထောင်သူများနှင့် MSME လုပ်ငန်းများအားလုံးကို နိုင်ငံတော်ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုကြောင်း၊ လုပ်ငန်းများ၏ တီထွင်ဖန်တီးမှု၊ ကြိုးစားအားထုတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့သည် မိမိတို့၏ မြို့ရွာဒေသများကို ပြောင်းလဲတိုးတက်စေရုံတင်မက နိုင်ငံတော်၏ စီးပွားရေးတစ်ခုလုံးကိုရှေ့သို့ မောင်းနှင် ပေးနေခြင်းလည်း ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပြည်တွင်း MSME လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိလာအောင် အစွမ်းကုန် ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ထပ်လောင်း ပြောကြားလိုကြောင်း၊ 

မိမိတို့နိုင်ငံသည် သဘာဝအရင်းအမြစ်မျိုးစုံ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သကဲ့သို့ လူသား အရင်းအမြစ်လည်း ပြည့်စုံသည့်နိုင်ငံဖြစ်ကြောင်း၊ MSME လုပ်ငန်းများကို ပုဂ္ဂလိကနှင့်သမဝါယမ ပုံစံများဖြင့် အရှိန်မြှင့်ဆောင်ရွက်ခြင်းဖြင့် အလုပ်လုပ်နိုင်သည့် အသက်ရွယ်အားလုံးအတွက်အလုပ်အကိုင် အခွင့်အလမ်းများစွာဖြစ်ပေါ်စေပြီး တစ်ဦးချင်းဝင်ငွေရရှိမှု၊ အမိမြေ၏အေးမြသည့် အရိပ်အာဝသအောက်တွင် စိတ်ချမ်းသာစွာနေရမှု၊ မိသားစု၏ လူမှုစီးပွားများ မြှင့်တင်ပေးနိုင်မှု၊ ဆင်းရဲမွဲတေမှုကိုလျှော့ချပေးနိုင်မှု အစရှိသည့်များစွာသော အကျိုးဆက်များ ခံရစားရမည် ဖြစ်ကြောင်း၊ နည်းပညာနှင့် အရင်းအနှီးကို ဟန်ချက်ညီအောင် ပံ့ပိုးပေးနိုင်မည်ဆိုပါက မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သည် မလွဲမသွေ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် အားလုံးအလုပ်လုပ်ကြရန်သာလိုကြောင်း၊ ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် သူ့အကျိုးကိုယ့်အကျိုး အပြန်အလှန်အကျိုးပြုရုံမျှမက နိုင်ငံတော်၏ အကျိုးစီးပွားအတွက်ကိုပါ ဖော်ဆောင်ပေးရာရောက်မည်ဖြစ်ပြီး Win-Win Win Situation အခြေအနေ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ ပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Most Read

Most Recent