ရန်ကုန်မြို့ သီရိမင်္ဂလာဈေးမှ နေ့စဉ်စွန့်ပစ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစွန့်ပစ်အမှိုက်များကို အသုံးပြု၍ အီးအမ်ဘိုကာချီ သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးမှ နေ့စဉ်စွန့်ပစ်သည့် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစွန့်ပစ်အမှိုက်များကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုနိုင်သည့် အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ်ထုတ်လုပ်ပြီး စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ ဖြန့်ဖြူးရောင်းချပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
သီရိမင်္ဂလာဈေးသည် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးသို့ သီးနှံထွက်ကုန်များ လက်လီ၊ လက်ကား ဖြန့်ဖြူးပေးရာနေရာဖြစ်သည့်အတွက် ဈေးမှနေ့စဉ်စွန့်ပစ်အမှိုက်တန် ၈၀ မှ တန် ၁၀၀ အတွင်းထွက်ရှိပြီး အဆိုပါစွန့်ပစ်အမှိုက်များကို ဈေးအတွင်း၌ခြံဝင်းခတ်၍ အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်လျက်ရှိရာ စွန့်ပစ်အမှိုက်များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲမှုကြောင့် ဈေးမှလှိုင်သာယာမြို့နယ်ထိန်ပင်အမှိုက်ပုံသို့ စွန့်ပစ်အမှိုက်ပို့ဆောင်မှုသည်လည်း ထက်ဝက်နီးပါးလျော့ကျသွားကြောင်း သိရသည်။
သီရိမင်္ဂလာဈေးမှထွက်ရှိသော သဘာဝမြေဩဇာကို မင်္ဂလာဒုံနှင့်မှော်ဘီမြို့နယ်တို့ရှိ နှင်းဆီခြံ၊ စပယ်ခြံများတွင် အသုံးပြုနေသည့်အပြင် ရန်ကုန်မြို့ဈေးများရှိ စိုက်ခင်းနှင့် ပန်းခြံများ၊ ငွေနှင်းမှို စိုက်ပျိုးမှုများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။















