မြန်မာနိုင်ငံတွင် အခြေစိုက်သည့် Tai Chang အမည်ရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းနှင့်ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုကြေးဒေါ်လာ ၁၀ သန်းပေးမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်လိုက်သည်။
ဧပြီ ၂၃ ရက်တွင် US Department of State က ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေး ဗျုရိုအနေဖြင့် တရားရေးဝန်ကြီးဌာနအောက်ရှိ Scan Centre Strike Force ကိုပံ့ပိုးသည့် အနေဖြင့် ယင်းသို့ ဆုကြေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
အမေရိကန် ဘဏ္ဍာရေးဌာန၏ အဆိုအရ အရှေ့တောင်အာရှတွင် အခြေစိုက်သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာအဖွဲ့အစည်းများ (TCOs) သည် ကြီးမားသော ဆိုက်ဘာလိမ်လည်မှုများမှ တစ်ဆင့် အမေရိကန်လူမျိုးများကို ပစ်မှတ်ထားနေကြောင်း သိရသည်။
အရှေ့တောင် အာရှအခြေစိုက် လိမ်လည်လှည့်စားသည့် လုပ်ငန်းများတွင် အမေရိကန်များသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံကျော် ဆုံးရှုံးခဲ့ကြောင်း အမေရိကန်အစိုးရ၏ ခန့်မှန်းချက်တွင် ဖော်ပြခဲ့သည်။
Tai Chang အမည်ရှိ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းသည် လိမ်လည်မှုအစီအစဉ်များ၊ အထူးသဖြင့် ခရစ်ပတိုငွေကြေးရင်းနှီးမြှုပ်နှံမှု လိမ်လည်မှုများမှတစ်ဆင့် ငွေကြေးခဝါချမှုများကို လုပ်ဆောင်နေကြောင်း၊ ယင်းလုပ်ငန်းမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်း တည်ရှိသည်ဟု သိရသည်။
ကရင်ပြည်နယ်အတွင်း အဆိုပါလုပ်ငန်းမှာ နေရာသုံးခုတွင် တည်ရှိနေပြီး အမေရိကန်အစိုးရက ယင်းတည်နေရာများကိုပါ ကိုသြဒိနိတ်အညွှန်းများဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
စခန်းများ၏ တည်နေရာများမှာ Tai Chang 1.0 မှာ ကျောက်ခတ်ကာစီနို သို့မဟုတ် ကိုစိုင်းစခန်းတွင်ဖြစ်ပြီး GPS ကိုသြဒိနိတ်အားဖြင့် 16.467242N၊ 98.648357N နှင့် 16.472469N၊ 98.645868 တွင် လည်းကောင်း၊ Tai Chang 2.0 (ထိုက် သို့မဟုတ် ချန်းစုန်းစခန်း) GPS ကိုသြဒိနိတ်အားဖြင့် 16.425472 N 98.635806 တွင် လည်းကောင်းနှင့် တတိယစခန်းဖြစ်သော Tai Chang 3.0 မှာ GPS ကိုသြဒိနိတ်အားဖြင့် 16.491389 N 98.589722 N တွင် တည်ရှိကြောင်း ဖော်ပြထားသည်။
FBI ၏ စုံစမ်းစစ်ဆေးမှုများတွင်လည်း လိမ်လည်သူများကို ခြေရာခံခြင်းနှင့် လိမ်လည်ခံရသူများ၏ ငွေကြေးများကို ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းမှုများလည်း ပါဝင်သည်ဟု အမေရိကန်ဘက်က သတင်းထုတ်ပြန် ထားသည်။
ကျူးလွန်သူများမှာ ယင်းလုပ်ငန်းမှ အမြတ်များစွာရရှိနေပြီး ယခုကဲ့သို့ ဆုကြေးငွေထုတ်ပြန်ခြင်းမှာ အများပြည်သူများထံမှ ကြီးမားသည့် သတင်းအချက်အလက်များ ရရှိနိုင်သည်ဟု အမေရိကန်အစိုးရက ယုံကြည်သည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ ဆုကြေးထုတ်ပြန်ခြင်းများအပြင် အခြားတစ်ဖက်တွင်လည်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအနေဖြင့် ပြတ်ပြတ်သားသားလုပ်ဆောင်နေပြီး မြန်မာနိုင်ငံတွင် အခြေစိုက် ကာ လိမ်လည်မှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် တရုတ်နိုင်ငံသားနှစ်ဦးကို တရားစွဲဆိုခြင်း၊ ယင်းလုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် လူကုန်ကူးခြင်းများအတွက် အသုံးပြုနေသည့် တယ်လီဂရမ်ချန်နယ်များနှင့် ဝက်ဆိုက်ဘ်ပေါင်း ၅၀၃ ခုကို သိမ်းဆည်းပိတ်သိမ်းခြင်း၊ လိမ်လည်မှုလုပ်ငန်းများကို ထိန်းချုပ်ထားသည့် ကမ္ဘောဒီးယားအထက်လွှတ်တော်အမတ် Kok An နှင့်အပေါင်းအပါ ၂၈ ဦးကို ပစ်မှတ်ထားပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်အစိုးရက ထုတ် ပြန်ထားသည်။
ချီးမြှင့်သောဆုကြေးငွေသည် ကမ္ဘာတစ်ဝှမ်းနိုင်ငံဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရန် တရားဥပဒေစိုးမိုးရေး ကြိုးပမ်းမှုများကို ပံ့ပိုးပေးသည့် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ TOCRP က ခွင့်ပြုထားပြီး သတင်းပေးပို့သူများအနေဖြင့် TaiChang TIPS@fbi.gov သို့ အီးမေးလ်ဖြင့် ဆက်သွယ်ခြင်း၊ အကယ်၍ အမေရိကန်ပြည်ထောင်စု၏ အပြင်ဘက်တွင် ရှိနေပါက၊ အနီးဆုံး အမေရိကန်သံရုံး သို့မဟုတ် ကောင် စစ်ဝန်ထံသို့လည်း ဆက်သွယ်နိုင်သည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ထားသည်။















