စာရေးဆရာ ဦးတင်ညွန့်နှင့် သားဖြစ်သူအပါအဝင် သုံးဦးဖမ်းဆီးခံရဟု စာပေအသိုင်းအဝိုင်းမှ ကနဦးသိရသည်။
ဧပြီ ၂၃ ရက် နံနက် ၂ နာရီခန့်တွင် သန်လျင်မြို့ရှိ စာရေးဆရာ ဦးတင်ညွန့်၏ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် သန်လျင်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
စာရေးဆရာ ဦးတင်ညွန့် ဖမ်းဆီးခံရသည့်အကြောင်းအရင်းမှာ ခွေးထိန်းငတာ၊ ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်၊ ဦးသန်းရွှေ၏ ယတြာများ အစရှိသည့် စာအုပ်သုံးအုပ်ကြောင့်ဖြစ်သည်ဟု သိရပြီး သားဖြစ်သူမှာ ယင်းစာအုပ်များကို ထုတ်ဝေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။
အဆိုပါ စာအုပ်သုံးအုပ်ကို လူမှုကွန်ရက်တစ်တော့ပ်မှတစ်ဆင့် ရောင်းချသည့် အမျိုးသမီးတစ်ဦးမှာလည်း ဖမ်းဆီးခံရပြီး ယင်းစာအုပ်များမှာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့သည့် စာအုပ်များဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် စာရေးဆရာ ဦးတင်ညွန့်ကို ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်းနေကာ ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
ကျောင်းဆရာအဖြစ် နှစ်ပေါင်း ၂၀ ကျော် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည့် စာရေးဆရာ ဦးတင်ညွန့်မှာ သုတ၊ ရသ စာအုပ်ပေါင်း ၅၀ ကျော်ကို ရေးသားထုတ်ဝေခဲ့ပြီး ရိုးမပေါ်က ကျတဲ့မျက်ရည် စာအုပ်မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်မြင့်မြတ်မှာ ယင်းဇာတ်ကောင်ဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။
၂၀၁၁ ခုနှစ်တွင် “လူငယ်နှင့်အတွေးအမြင်” စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းအဖွဲ့က ပေးအပ်သော လူငယ်စာပေဆုကိုရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် “ဒီမိုကရေစီ ပါရာဒိုင်း” စာအုပ်ဖြင့် သုတစွယ်စုံ နိုင်ငံရေးစာပေဆုများကို ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် “ကျောင်းဆရာမှတ်တမ်း” စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။















