တရုတ်သည် မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်ထားဆဲဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။
ရူဘီယိုသည် ဇွန် ၃ ရက်က ပြုလုပ်ခဲ့သည့် အထက်လွှတ်တော် ဘတ်ဂျက်ခွဲဝေရေး ကော်မတီနှင့် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီတို့၏ သီးခြား ကြားနာစစ်ဆေးမှုများတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“တရုတ်နိုင်ငံဟာ အဲဒီ (မြန်မာနိုင်ငံ) က စနစ်အပေါ်မှာ အလွန်ကြီးမားတဲ့ဩဇာကို ကိုင်စွဲထားပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အမေရိကန်၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် ကြိုးပမ်းရာတွင် အမေရိကန်အစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများ ရှိနေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
အရေးကြီးသည့် တွင်းထွက်ပစ္စည်းများ၊ ဆေးဝါးလုပ်ငန်း၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် မဟာဗျူဟာမြောက် ထောက်ပံ့ရေးကွင်းဆက်များတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးထားမှုအပေါ် စိုးရိမ်ပူပန်မှုများသည် အမေရိကန်၏ သံတမန်ရေးရာ ဆောင်ရွက်မှုများတွင် အဓိကအချက် ဖြစ်လာကြောင်း ရူဘီယိုက လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ နယ်စပ်ဖြတ်ကျော် သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ရူဘီယိုက စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ပြင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းနှင့် စက်မှုကုန်ထုတ်လုပ်မှု ကဏ္ဍများတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှု ပိုမိုကြီးထွားလာနေခြင်းကိုလည်း ရူဘီယိုက အလေးထား ပြောဆိုခဲ့သည်။















