၁၉၄၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီလွတ်မြောက်ရေးတပ်မတော်က ကူမင်တန်တပ်များကို တရုတ်ပြည်မှတိုက်ထုတ်ခဲ့ပြီးနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။
ယင်းသို့ တရုတ်နိုင်ငံသစ်မွေးဖွားလာသည့်အခြေအနေကို ကမ္ဘာကစောင့်ကြည့်နေသည့်အချိန်တွင် အိမ်နီးချင်းမြန်မာနိုင်ငံက အာရှတိုက်တွင် အစောဆုံး အသိအမှတ်ပြုခဲ့သည်။ ယင်းနောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နှစ်နိုင်ငံခေါင်းဆောင်များ အပြန်အလှန်သွားရောက်လည်ပတ်မှုများ ရှိလာခဲ့ရာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစပြီး ၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံ့ခေါင်းဆောင်များအကြား သွားရောက်လည်ပတ်မှုအချို့ကို ဖော်ပြလိုက်ပါသည်။
ဦးနုလက်ထက် မြန်မာ- တရုတ် အပြန်အလှန်သွားရောက်လည်ပတ်မှု၁၉၅၄ ခုနှစ် ဇွန်လတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ ပြန်လာသည့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းမှာ ရန်ကုန်မြို့သို့ တဆက်တည်း လာရောက်လည်ပတ်ခဲ့သည်။
ယင်းအချိန်က မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇွန် ၂၉ ရက်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ငါးချက်" ပါဝင်သည့် သမိုင်းဝင်သဘောတူညီချက်ကို ပူးတွဲထုတ်ပြန်ခဲ့သည်။
အပြန်အလှန်အနေဖြင့် မြန်မာဝန်ကြီးချုပ် ဦးနုက တရုတ်နိုင်ငံကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် သွားရောက်လည်ပတ်ခဲ့သည်။
ဘန်ဒေါင်းညီလာခံဟု ခေါ်ဆိုသည့် သမိုင်းဝင် ညီလာခံမတိုင်မီ ရန်ကုန်မြို့သို့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နေရူး၊ အီဂျစ်နိုင်ငံသမ္မတ နာဆာတို့သည် ရောက်ရှိလာခဲ့သည်။
လာရောက်သည့်အချိန်မှာ မြန်မာနှစ်သစ်ကူးသင်္ကြန်ကာလနှင့် တိုက်ဆိုင်နေသဖြင့် ဦးနုနှင့် ခေါင်းဆောင်သုံးဦးမှာ သင်္ကြန်ပွဲတော်ကိုလည်း ဆင်နွှဲခဲ့ကြသည်။
၁၉၅၆ ခုနှစ်တွင် တရုတ်နိုင်ငံ ပီကင်းမြို့တွင် ဦးနုနှင့် ချုအင်လိုင်းတို့ နယ်နိမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးမှုတွင် နယ်နိမိတ်စာချုပ်ချုပ်ဆိုရေးအတွက် သဘောတူညီမှုမရရှိခဲ့သော်လည်း
ဗမာပြည်ကွန်မြူနစ်ပါတီကို ကူညီပေးနေခြင်းကို ရပ်တန့်ရန်နှင့် ရှမ်းပြည်နယ်အတွင်း ရောက်ရှိနေသည့် တရုတ်နီတပ်များကို ပြန်ရုပ်သိမ်းပေးရန်တို့ကို သဘောတူညီခဲ့ကြသည်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် " တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်" နှင့် " နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ မကျူးကျော်ရေး သဘောတူစာချုပ်"များထွက်ပေါ်လာခဲ့သည်။
၁၉၆၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဦးနု ဦးဆောင်သည့် ပြည်ထောင်စုအစိုးရတက်လာခဲ့ပြီး တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်ကို ခမ်းခမ်းနားနားလက်မှတ်ရေးထိုးနိုင်ရန်တရုတ်နိုင်ငံအမျိုးသားနေ့ဖြစ်သည့် အောက်တိုဘာ(၁)ရက်နှင့် မြန်မာ့လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီ ၄ ရက်တို့ကို ရွေးချယ်ခဲ့ကြသည်။
၁၉၆၀ ပြည့်နှစ်တွင် ဦးနုဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် မြန်မာဝန်ကြီးချုပ် ဦးနုတို့တရုတ်-မြန်မာ နယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
၁၉၆၁ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းခေါင်းဆောင်သည့် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ကြီး ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကာ ဇန်နဝါရီ ၄ ရက်တွင် ' တရုတ်-မြန်မာ နယ်နိမိတ် စာချုပ် လက်ခံ အတည်ပြု စာချွန်တော် လဲလှယ်ပွဲ' အခမ်းအနားကို ကျင်းပခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက် တရုတ်- မြန်မာ အပြန်အလှန်လည်ပတ်မှုနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ တရုတ်နိုင်ငံသို့ အများဆုံးသွားရောက်လည်ပတ်ခဲ့သူတစ်ဦးဟု ဆိုနိုင်သည်။
၁၉၈၈ ခုနှစ် အာဏာလွှဲပြောင်းခြင်းမပြုမီအထိ ဗိုလ်ချုပ်ကြီး နေဝင်းမှာ တရုတ်နိုင်ငံသို့ ၁၂ ကြိမ်တိုင်တိုင် ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်ခဲ့သည်။ ယင်းခရီးစဉ် ၁၂ ခုတွင် အချို့ခရီးစဉ်များမှာ တပ်မတော်စစ်ဦးစီးချုပ်ရာထူးဖြင့် သွားရောက်ခဲ့ခြင်းများလည်း ပါဝင်သည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာရယူအပြီး ၁၉၆၃ ခုနှစ်တွင် တရုတ်သမ္မတ လျူရှောက်ချီ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိလာခဲ့သည်။
၁၉၆၅ ခုနှစ် ဇူလိုင်လနောက်ဆုံးပတ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မေသန်းတို့ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၆၆ ခုနှစ်ဧပြီလတွင်တရုတ်သမ္မတ လျူရှောက်ချီနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီနှင့် ဇနီးတို့ ဦးဆောင်သည့် တရုတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့လာရောက်ခဲ့သည်။
၁၉၇၁ ခုနှစ် ဩဂုတ် ၆ ရက်တွင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဇနီးဒေါ်ခင်မေသန်းတို့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး တရုတ် ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့အဖွဲ့က ပီကင်းမြို့တွင် ကြိုဆိုခဲ့ကြပါတယ်။
ရက်သတ္တပတ် တစ်ပတ်ကြာမြင့်ခဲ့သည့်ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် တရုတ်နိုင်ငံ၏ အထင်ကရ ခေါင်းဆောင်ဖြစ်သည့် ဥက္ကဋ္ဌကြီး မော်စီတုန်းနှင့် တွေ့ဆုံခဲ့သည်။
၁၉၇၅ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းက တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် ချူအင်လိုင်းမှာ ကျန်းမာရေးဆိုးရွားနေသဖြင့် ဥက္ကဋ္ဌကြီး မော်စီတုန်းနှင့်
ဒုတိယဝန်ကြီးချုပ် တိန့်ရှောင်ဖိန်တို့ကို သွားရောက်တွေ့ဆုံခဲ့သည်။
နဝတနှင့် နအဖလက်ထက် တရုတ်- မြန်မာ အပြန်အလှန်လည်ပတ်မှု၁၉၉၁ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်သမ္မတ 'ယန်ရှန်ကွန်း'၊တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ကျန်ဇီမင်းတို့နှင့်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံချစ်ကြည်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
၁၉၉၉ ခုနှစ်တွင် တရုတ်သမ္မတကျန်ဇီမင်းက ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်ခဲ့သည်။
ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့သည်။
ဥက္ကဌအဖြစ်တာဝန်ယူပြီး ပထမဆုံးအကြိမ် ၁၉၉၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကာ တရုတ်သမ္မတ ကျန်ဇီမင်းနှင့် တွေ့ဆုံခဲ့သည်။
၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး သမ္မတ ကျန်ဇီမင်းအပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်သစ်ဖြစ်လာမည့် ဟူကျင်းတောင်နှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၀၄ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ နောက်တွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး စိုးဝင်းမှာလည်းတရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များအပြင် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေး၊ အာဆီယံ- တရုတ် စီးပွားရေးဆွေးနွေးပွဲများအပါအဝင် တရုတ်နိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေးခရီးသွားရောက်ခဲ့ကာ တရုတ်သမ္မတ ဟူကျင်းတောင်၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့နှင့် တွေ့ဆုံခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်နောက်ဆုံးခရီးစဉ်လည်းဖြစ်သည်။ ငါးရက်ကြာမြင့်ခဲ့သည့် ခရီးစဉ်အတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်တို့နှင့် တွေ့ဆုံခဲ့သည်။















