မော်ဂန်ရော်ဂျာစ်ကို ချယ်လ်ဆီးအသင်း ပေါင်(၁၁၇)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆို

မော်ဂန်ရော်ဂျာစ်ကို ချယ်လ်ဆီးအသင်း ပေါင်(၁၁၇)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆို
Photo: X
Photo: X
Published 22 July 2026

ချယ်လ်ဆီးအသင်းဟာ အက်စတွန်ဗီလာအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ကို ပေါင်(၁၁၇)သန်းနဲ့ ခေါ်ယူပြီး ၂၀၃၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ မော်ဂန်ရော်ဂျာစ်ကို ခေါ်ယူဖို့ ကမ္ဘာ့ဖလားကာလမှာကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့က အင်္ဂလန်ကို ပြန်ရောက်လာပြီးနောက် ဆေးစစ်မှုပြုလုပ်ကာ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာမှ အသက်(၂၄)နှစ်ပြည့်မယ့် မော်ဂန်ရော်ဂျာစ်ဟာ ၂၀၂၄ ဖေဖော်ဝါရီမှာ မစ်ဒယ်ဘရော့ကနေ အက်စတွန်ဗီလာကို ပေါင်(၁၅)သန်းနဲ့ ရောက်ရှိခဲ့သူပါ။

အက်စတွန်ဗီလာအသင်းမှာ ပြိုင်ပွဲစုံ(၁၂၅)ပွဲကစားပြီး (၃၁)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ မော်ဂန်ရော်ဂျာစ်ကို အာဆင်နယ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ထက် ပိုပေးဖို့ ဆန္ဒမရှိတာကြောင့် ချယ်လ်ဆီးအသင်းက ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ချယ်လ်ဆီးအသင်းက မော်ဂန်ရော်ဂျာစ်ကို ကနဦးစာချုပ်အဖြစ် ၂၀၃၂ ခုနှစ်အထိ ချုပ်ဆိုမှာဖြစ်ပေမဲ့ တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်မယ့် သဘောတူညီမှု ပါဝင်ကြောင်း သိရပါတယ်။

''ကျွန်တော် အရမ်းစိတ်လှုပ်ရှားပါတယ်။ ကျွန်တော့်အတွက် ချယ်လ်ဆီးက လန်ဒန်မြို့ရဲ့ အကြီးမားဆုံးကလပ်ဖြစ်ပြီး ကျွန်တော် ကလေးအရွယ်ကတည်းက သဘောကျခဲ့တဲ့အသင်းပါ'' လို့ မော်ဂန်ရော်ဂျာစ်က ပြောကြားခဲ့ပါတယ်။

မော်ဂန်ရော်ဂျာစ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကျောနံပါတ်(၁၇) ဝတ်ဆင်ခဲ့သလို၊ ချယ်လ်ဆီးအသင်းမှာလည်း ကျောနံပါတ်(၁၇) ဝတ်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent